
အခန်း ၆ – ဂိုဏ်းအသစ်
ဂိုဏ်းအသစ် – the Myanmar Young Crusaders
(၁၉၇၄- ၁၉၇၆)
A New Gang
“ဟ၊ မင်း ဒီမှာဘာလုပ်နေလဲ” လို့ အံ့အားသင့်နေတဲ့ လမ်းသရဲဂိုဏ်းသား တယောက်က မော်တော်ဆိုင်ကယ်ကို ရုတ်တရက်ရပ်လိုက်ရင်း ဒေးဗစ်ကို မေးလာတယ်။ “ငါတို့က မင်းကို မတွေ့ရတော့ဘူးလို့ ထင်ထားတာ။”
“မင်းတို့ ငါ့ကို လွယ်လွယ်ရှင်းပစ်လို့ရမယ် ထင်သလား။” လို့ ဒေးဗစ်က ပြန်ပက်တယ်။
“မင်း ဘယ်လို မြန်မြန်ကြီး နေကောင်းလာတာလဲ? လို့ တခြားတယောက်က မေးတယ်။ “ပြန်ကောင်းမလာနိုင်တော့ဘူးလို့ ငါတို့ ကြားထားတာ။”
“ငါပြောရင် မင်းတို့မယုံလောက်ဘူး။ အခုတော့ ငါနေကောင်းသွားပြီ။ အံ့ဩစရာပဲ ။ ယေရှုခရစ်တော်ကြောင့်ပေါ့ကွာ။” လို့ ဒေးဗစ်ကလှမ်းပြောတယ်။
“ဘာကွ”
ဒေးဗစ်က ဆေးရုံပေါ်က အဖြစ်အပျက်ကို ပြန်ပြောပြတယ်။ အပေါင်းအသင်းတွေက မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ သူ့ကို ငေးကြည့်နေကြတယ်။
“ငါ့အပြစ်တွေအားလုံးကို သခင်ယေရှုက ခွင့်လွှတ်လိုက်တယ်ကွာ။ ပြီးတော့ သေခါနီးအချိန်ကလေးမှာ ရောဂါပျောက်သွားတယ်။ ရောဂါပျောက်ပြီ။ အရက်မသောက်တော့ဘူး။ ဆေးမချတော့ဘူး။ ရှုပ်ရှုပ်ယှက်ယှက် မနေတော့ဘူး။ မင်းတို့လည်း သခင်ယေရှုကိုယုံဖို့ လိုတယ်ကွာ။” လို့ ဒေးဗစ် အဆုံးသတ်လိုက်တယ်။
လမ်းသရဲတွေ တယောက်ပြီးတယောက် လစ်ပြေးသွားတယ်။ တချို့ကဆို လှောင်ရယ်ကြတယ်။ ဒေးဗစ်ကို ဒီလိုပုံစံမျိုး မမြင်ဖူးဘူး။ ဒါက “ဘာသာရေးကြောင် နေတာ။ ခဏပါ၊ ပြီးရင်ပျောက်သွားလိမ့်မယ်။ ဆေးရုံက ဆင်းလာခါစဆိုတော့ ဒီလိုပဲ ပြောမှာပေါ့။ ခဏလောက် စောင့်ကြည့်လိုက်ကွာ။ မကြာခင် ဆေးပြန်သုံးလာမှာပါ။” လို့ အချင်းချင်းပြောကြတယ်။
သူတို့ထင်သလို မဟုတ်ဘူး။ မူးယစ်ဆေးပြန်မသုံးဘူး။ ဘာသာရေး ကြောင်တာလည်း မဟုတ်ဘူး။ အချိန်ကြာတာနဲ့အမျှ ဘာသာရေးအသိ ပိုရှိလာတယ်။ လမ်းသရဲတွေကို အရက်မသောက်ဖို့၊ မူးယစ်ဆေးမသုံးဖို့၊ သခင်ယေရှုနဲ့အတူ ဘဝသစ်စတင်ဖို့၊ တရားမဟောပဲ မနေနိုင်တော့ဘူး။ ထုံးစံအတိုင်း အရက်သောက်ဖို့၊ ဖဲရိုက်ဖို့၊ ပိုက်ဆံ လာတောင်းရင်လည်း ပိုက်ဆံမပေးခင် တရားအရင်ဟောတယ်။ သူက ဇွဲကြီးတယ်။ တချို့လမ်းသရဲတွေ သူ့တရားကြောင့် နောင်တရလာတယ်။ အကျင့်ဆိုးတွေ စွန့်ပြီး သခင်ယေရှုနောက်ကို လိုက်လာကြတယ်။ ဒေးဗစ်လည်း စိတ်လှုပ်ရှားလာတယ်။
“ကြားဖို့လိုတဲ့လူတွေဆီကို ဒီစကားကို သွားပြောကြရအောင်” လို့ ဒေးဗစ်က နှိုးဆော်တယ်။ အရင်က ပါတီပွဲသွားဖို့ လမ်းမတွေပေါ်မှာ ခြေရှုပ်ခဲ့ကြတယ်။ အခုတော့ တရားဟောဖို့ လမ်းမတွေပေါ် ရောက်ပြန်ပြီပေါ့နော။”
သခင်ယေရှုကိုယုံကြည်လာတဲ့ လမ်းသရဲတွေနဲ့ အတူနေရင်း နားထောင်သူရှိရင် ဒေးဗစ်က သူပြောင်းလဲခဲ့တဲ့ဇာတ်ကြောင်းကို စိတ်ပါလက်ပါ ပြန်ပြောတတ်တယ်။ လမ်းသရဲတွေ၊ သူငယ်ချင်းတွေ၊ သူတောင်းစားတွေ၊ အရက်သမားနဲ့ ဆေးသမားတွေ အစုံပါပဲ။ ကြားရသူတိုင်း အံ့ဩကြတယ်။ အဲဒီအချိန်တုန်းက လမ်းသရဲတယောက် ရုတ်တရက် ဘုရားတရားတွေ့ပြီး အသက်တာပြောင်းလဲတာ မကြားဖူးကြလို့ပါပဲ။ သူပြောပြတာကို နားထောင်သူများလာတော့ ဒေးဗစ်ဝမ်းသာရတယ်။ အထူးသဖြင့် ဆေးသမားတွေ သူ့တရားစကားနားထောင်ရင်း ခရစ်တော်နဲ့အတူ လျှောက်လှမ်းချင်တယ် လို့ ပြောလာကြတယ်။
ဒေးဗစ်အကြောင်းကြားကြရလို့ လူတွေ သခင်ယေရှုကိုယုံကြည်လာကြတယ်။ အဲဒီမှာ အခက်အခဲတခုရှိတယ်။ ဘယ်မှာ နှစ်ခြင်းပေးမလဲ။ ယုံကြည်သူဆိုတာ နှစ်ခြင်းခံရတယ်။ ဒေးဗစ်က သင်းအုပ်ဆရာမဟုတ်တော့ နှစ်ခြင်းပေးလို့မရဘူး။ နီးစပ်ရာ ဘုရားကျောင်းမှာပါဝင်ကြ၊ နှစ်ခြင်းခံကြ၊ ယုံကြည်ခြင်းတိုးပွါးအောင်လုပ်ကြ လို့တော့ ပြောပါတယ်။ ဒါပေမယ့် ဘယ်ဘုရားကျောင်းကမှ သူတို့ကိုလက်မခံ နှစ်ခြင်းမပေးတော့ ပြောင်းလဲစဆေးသမားတွေ ဒေးဗစ်ဆီပဲ ပြန်ရောက်လာကြတယ်။
ဒါကို ဒေးဗစ် နားမလည်နိုင်ဘူး။ ဘုရားကျောင်းတွေက ဆေးသမားတွေကို ဘာကြောင့်လက်မခံနိုင်တာလဲလို့ အံ့အားသင့်မိတယ်။ နားလည်လွဲကြတာပဲ၊ သူဖြေရှင်းရင် ရနိုင်တာပဲလို့ ထင်မိတယ်။ ရန်ကုန်က ဘုရားကျောင်းတခုကို သွားပြီး ပြောင်းလဲစ ဆေးသမားဆယ့်ခြောက်ယောက်ကို နှစ်ခြင်းပေးဖို့ ပြောကြည့်တယ်။ အံ့အားသင့်စရာပဲ၊ အငြင်းခံလိုက်ရတယ်။ နောက်တကျောင်းကို သွားတယ်။ အငြင်းခံရပြန်တယ်။ ဘုရားကျောင်းအများကြီး သွားပေမယ့် အဖြေကတော့ တမျိုးတည်းပဲ ရတယ်။ နောက်ဆုံးတော့ သူနဲ့ကေသီကို နှစ်ခြင်းပေးခဲ့တဲ့ သင်းအုပ်ဆရာကို ပြောကြည့်တယ်။ ကေသီကို အားနာလို့ သင်းအုပ်ဆရာက လက်ခံလိုက်တယ်။ ဒါပေမယ့် သူ့ဘဝမှာ ဆေးသမားတွေကိုနှစ်ခြင်းပေးတာ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ လို့ ဆိုတယ်။
အဲဒီတုန်းက ဆေးသမားတွေ၊ လမ်းသရဲတွေ ပြောင်းလဲတယ်၊ ကယ်တင်ခြင်းရတယ် ဆိုတာကို ပြည်တွင်းအသင်းတော်တွေ မကြားဖူးသေးဘူး။ လူဆိုးတွေပြောင်းလဲတယ် ဆိုရင်လည်း ခဏလောက် ဘာသာရေး ထယောင်တာပဲ။ နောက်တော့လည်း အရင်အတိုင်းပဲလို့ ထင်တယ်။ သူတို့က ဒေးဗစ် ပြောင်းလဲတယ် ဆိုတာကို မယုံဘူး။ သူ့နောက်လိုက် လူသစ်တွေဆိုတာကလည်း သူ့ဆရာလို ပုံစံတွေပဲလို့ မြင်တယ်။
ဒေးဗစ် စိတ်ပျက်သွားတယ်။ ရန်ကုန်အသင်းတော်တွေက လက်မခံတော့ စိတ်ထိခိုက်ရတယ်။ ဒေါသထွက်တယ်။ ကြိုဆိုလက်ခံမယ့်သူ၊ အားပေးရမယ့်သူတွေက တွန်းထုတ်တာကို ခံစားလိုက်ရတယ်။ သူနားလည်လိုက်ပြီ၊ ဒီလူတွေ ဘုရားလက်ရာကို နားမလည်ဘူး။ စိတ်နှလုံးလည်း ဖွင့်မထားဘူး။ ဒါပေမယ့် နာကျည်းမှုတွေနဲ့ ကိုယ့်ကိုကိုယ် သနားနေတာတွေကြားမှာ ဒေးဗစ်အနစ်မခံဘူး။ လူ့လောကရဲ့ အနိမ့်ကျဆုံးလူတွေဖြစ်တဲ့ ဆေးသမားတွေ၊ လမ်းသရဲတွေနဲ့ အရက်သမားတွေ ယေရှုခရစ်တော်ထံ လာနေကြတယ်။ သူတို့ကို နှစ်ခြင်းပေးဖို့ ပြုစုဖို့ နေရာတနေရာ လိုတယ်။
ပြောင်းလဲစ အပယ်ခံလူတွေအတွက် နေစရာအရပ်တခုလိုသလို ဆက်လုပ်စရာ အလုပ်တွေအတွက် စီမံဖို့ အရပ်တခုလိုလာတဲ့အခါ ခေါင်းဆောင်မယ့်သူမရှိတော့လို့ ဖရိုဖရဲဖြစ်နေတဲ့ လမ်းသရဲဂိုဏ်းအစား ခရစ်ယာန်ဂိုဏ်းတဂိုဏ်း စတည်ထောင်တယ်။ နာမည်ကို Myanmar Young Crusadersလို့ ပေးလိုက်တယ်။ အတိုကောက်က MYC ပေါ့။ MYC လူသစ် ၅၀ လောက်ဟာ စနေနေ့ ညနေတိုင်း သူ့ခြံထဲမှာဘုရားရှိခိုးဖို့ စုဝေးကြတယ်။ ခြံထဲက မန်ကျည်းပင်ကြီး အောက်မှာပေါ့။ ဒေးဗစ်ကတော့ ဆေးသမားရော၊ ဆေးသမားမဟုတ်သူတွေ အားလုံးရဲ့ သင်းအုပ်ဆရာပေါ့။
ဒေးဗစ်က ဆောင်ပုဒ်တခုထုတ်လိုက်တယ်။ Never Say Dieသေစကား မပြောရတော့ဘူး။ ဆေးသမား အရက်သမားတွေအတွက် သိပ်ထိတဲ့စကား ဖြစ်တယ်။ ယေရှုခရစ်တော်ကို ရရှိသူဟာ ဘယ်တော့မှ သေစရာမလိုဘူးလို့ သူတို့ကို သတိပေးနေလို့ ဖြစ်တယ်။ ထာဝရအသက်ကို ဆိုလိုတာလည်းဖြစ်တယ်။ စဉ်းစားဆင်ခြင်စရာ စကားလည်းဖြစ်တယ်။ ဒေးဗစ်က သွားလေရာရာမှာ ဒီစကားကိုသုံးတယ်။
ဒေးဗစ်တယောက် အံ့ဩစရာ ပြောင်းလဲသွားတယ်လို့ ရန်ကုန်မှာ သတင်းပြန့်သွားတယ်။ လမ်းသရဲပုံစံ မဟုတ်တော့ဘူး။ ဆံပင်ရှည်ရှည်၊ သားရေဂျက်ကက်အင်္ကျီ၊ ဂျင်းပြာဘောင်းဘီရှည်နဲ့ မဟုတ်တော့ဘူး။ ဆံပင်ညှပ်လိုက်ပြီ။ ဗမာလို တိုက်ပုံအင်္ကျီ၊ ပုဆိုးနဲ့ဖြစ်နေပြီ။ လေးလေးစားစားရှိဖို့ပေါ့။ လမ်းသရဲ အမူအကျင့်တွေလည်း မရှိတော့ဘူး။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး၊ ဖဲ၊ ဆဲရေး ရန်ဖြစ်တာတွေ မရှိတော့ဘူး။ လူဟောင်းတွေတောင် သူ့ကို သိပ်မမှတ်မိတော့ဘူး။ အပြုအမူနဲ့ပုံစံက တအားပြောင်းလဲသွားခဲ့ပြီ။
အပြောင်းလဲဆုံး အချက်ကတော့ ယေရှုခရစ်တော်အကြောင်း လူတွေကို ပြောပြချင်စိတ် ပြင်းထန်နေတာပါဘဲ။ ဆေးသမားတွေ လမ်းသရဲတွေဖြစ်ခဲ့တဲ့ သူ့လူတွေဟာ အခုတော့ ဈေးတွေ၊ ဘက်(စ်)ကားပေါ်တွေ၊ သင်္ဘောဆိပ်တွေမှာ ဟောပြောလာကြတယ်။ အရင်က ဒါမျိုး မကြားဖူးတဲ့အတွက် လူတွေ စိတ်ဝင်စားကြတယ်။
“ဝမ်းသာစရာသတင်းစကား ပြောစရာရှိတယ်။ နားထောင်ကြပါဦး” ဒေးဗစ်က အော်လန်ကို လက်မှာကိုင်ပြီး ဈေးလေးထဲမှာ ဟောပြောတယ်။ လူတွေစုလာပြီး နားထောင်ကြတယ်။
“ကျွန်တော့မှာ စာအုပ်လေးတွေပါပါတယ်။ လူတိုင်းကို အခမဲ့ပေးပါမယ်။ ဒါပေမယ့် ထာဝရအသက်အကြောင်း ခဏလေး အရင်ပြောပြချင်ပါတယ်။”
“ဒီကိုလာပြီး ဆန်တအိတ်ရမယ်ဆိုရင် ခင်ဗျားတို့ပျော်မှာပဲ။ ဒါပေမယ့် အဲဒီအပျော်က ဘယ်လောက်ခံမလဲ။ တရက်လား၊ နှစ်ရက်လား၊ ဆန်အိတ်ရှိသလောက်ပေါ့။ ကဲ- တသက်လုံးကော မပျော်ချင်ဘူးလား။” ယေရှုခရစ်တော်နဲ့ ထာဝရ ပျော်ရွှင်ခြင်းအကြောင်း ပြောပြတယ်။ ကယ်တင်ခြင်း စိတ်မချသေးသူတွေကို ရှင်းပြတယ်။ “ကောင်းတာလုပ်ရုံနဲ့တော့ ကောင်းကင်မရောက်ဘူး။ ယေရှုခရစ်ကယ်လို့ ရတာဖြစ်တယ်။ ကိုယ်တိုင်မြည်းစမ်းကြည့်ဖို့ လိုတယ်” လို့ ရှင်းပြတယ်။
ပြီးမှ ဝေစာဝေတယ်။ ကယ်တင်ခြင်းအကြောင်းကို လမ်းပေါ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကြားလာကြတယ်။ MYC မိတ်သဟာယဖွဲ့တဲ့ ခြံထဲက မန်ကျည်းပင်ကြီးအောက်မှာ ယုံကြည်သူ လူသစ်တွေ တိုးလာတယ်။
ဒေးဗစ်ရဲ့ ရိုးသားပြီးရဲရင့်တဲ့ ယုံကြည်ခြင်းနဲ့ သူ့လူတွေ စိတ်အားထက်သန်မှုကို ဘုရားသခင် အသိအမှတ်ပြုတယ်။ ရဲအနှောင့်အယှက်ကနေ ကာကွယ်ပေးတယ်။ လမ်းဘေးမှာတရားဟောရင် ရဲက နိုင်ငံရေးလို့ထင်တယ်။ “ဘယ်သူ့ခွင့်ပြုချက်နဲ့ ဟောသလဲ” လို့ ရဲက မေးလေ့ရှိတယ်။ ဒေးဗစ်က လမ်းသရဲဖြစ်ဖူးတယ်ဆိုတော့ အရှောင်အလွှဲကောင်းတယ်။
တခါက ဈေးကလေးမှာ တရားဟောနေတုန်း ရဲတွေ သေနတ်တွေနဲ့ ရောက်လာတယ်။ ဒေးဗစ်နဲ့ စကားပြောချင်နေတယ်။
“တရားဟောလို့ မပြီးသေးဘူးဗျ” လို့ ဒေးဗစ်က ဂရုမစိုက်သလိုဖြေတယ်။
“ငါတို့ကို စကားပြောတာ ရင့်လှချည်လား မင်းကိုယ်မင်း ဘာကောင် ထင်နေသလဲ” လို့ ရဲတွေကမေးတယ်။
“လူတွေကို သတင်းကောင်းပြောဖို့လာတာ ဒါပေမယ့် ပစ်ချင်ရင်ပစ်လိုက်” လို့ ဒေးဗစ်က ဖြေတယ်။
ထူးထူးခြားခြား သတ္တိကောင်းနေသလို ဥပဒေချိုးဖောက်တယ်လို့လည်း အတိအကျ ပြောလို့မရတဲ့အတွက် သူ တရားဟောပြီးသည်အထိ ရဲတွေ စောင့်နေရတယ်။ ပြီးမှ သူနဲ့အဖွဲ့ကို ရဲစခန်းကို ခေါ်သွားတယ်။ ရောက်တော့၊ ရဲတွေကမေးတယ်။ “တရားဟောဖို့ ခွင့်ပြုချက် ခင်ဗျားမှာရှိသလား။ ဒါမျိုးက ခွင့်ပြုချက် လိုတယ်။”
“ကျွန်တော်တို့အဖွဲ့ရဲ့ ဒါရိုက်တာက ခွင့်ပြုချက်ပေးတာပါ။”
“ဒါရိုက်တာက ဘယ်သူလဲ၊ ခွင့်ပြုချက်က ဘယ်မှာလဲ”
“ဒါရိုက်တာကိုယ်တိုင်လာရင် ခွင့်ပြုချက်ယူခဲ့ဖို့ လိုဦးမလား” လို့ ဒေးဗစ်က မေးတယ်။
“သူက ခွင့်ပြုချက်ထုတ်ပေးတယ် ဆိုရင်တော့ မလိုပါဘူး။” လို့ ရဲက ဖြေတယ်။
“ကဲ ဒါရိုက်တာက ကျွန်တော်ပဲ” လို့ ဒေးဗစ်က အောင်မြင်တဲ့အပြုံးနဲ့ ဖြေတယ်။
ရဲတွေ ချက်ချင်းရှက်သွားတယ်။ အဖွဲ့အစည်းတခုရဲ့ ဒါရိုက်တာကို မသိပဲ နှောင့်ယှက်မိတာဖြစ်တယ်။ ဒေးဗစ်နဲ့ သူ့အဖွဲ့ကို မပြန်ခင် လ္ဘက်ရည်နဲ့ကိတ်မုန့် သုံးဆောင်ဖို့ တိုက်တွန်းရင်း တောင်းပန်စကားဆိုကြတယ်။ ဒေးဗစ်နဲ့ သူ့လူတွေကတော့ တလမ်းလုံး ရယ်ရင်းပြန်လာကြတယ်။ ဘုရားသခင် မစလိုက်ပြီလေ။
ဒေးဗစ်က သူ့လုပ်ငန်းကို တိုးတက်ဖို့ အစွမ်းကုန်ကြိုးစားနေရင်းနဲ့ ကေသီနဲ့ ကလေး ၅ ယောက်ကို ကောင်းကောင်းဂရုစိုက်ဖို့ လိုတယ်ဆိုတာ သိပါတယ်။ လုံးလုံးပစ်ထားသလိုလည်း ဖြစ်နေတယ်။ ယောက်ျားတာဝန်၊ အဖေ့တာဝန် မကျေတာဟာ သိပ်ဆိုးတယ်လို့ သူသိတယ်။ ဒါကို သူ ပြင်ချင်နေတယ်။
ရက်တွေလတွေကြာလာတော့ သားသမီးတွေက ဒေးဗစ်ကို ယုံကြည်မှု ပြန်ရှိလာတယ်။ ကေသီကလည်း သူ့ယောက်ျား တကယ်ပြောင်းလဲတာလို့ ယုံကြည်စပြုလာတယ်။ အိမ်ထောင်ကျပြီး ၁၁နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ရင်ထဲမှာ မျှော်လင့်ချက်ရှိလာတယ်။
ဒါပေမယ့် စားဝတ်နေရေးအတွက် ရိုးရိုးသားသား ဘယ်လိုရှာဖွေမလဲ။ ငွေရှာဖို့အတွက် အရင်ကဆိုရင် ကောက်ကျစ်တဲ့ နည်းတွေပဲသုံးခဲ့တယ်။
“စိတ်မပူပါနဲ့ ကျွန်မငွေနည်းနည်းစုထားတယ်။ လပိုင်းလောက်တော့ သုံးလို့ရမှာပါ” လို့ ကေသီက အားပေးတယ်။ ဒေးဗစ်ဆေးစွဲတဲ့ အချိန်တုန်းက မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတော့ ကေသီအတွက် အခက်အခဲဆိုတာ ကြုံဖူးပြီးသားပါ။
“ဒါပေမယ့် အဲဒီငွေက ကြာကြာခံမှာမဟုတ်ဘူး။ ဒီငွေနဲ့ ဝက်မွေးရင်ကောင်းမလား ဆုတောင်းပြီးမွေးရင်တော့ ကောင်းချီးပေးမှာပါ” လို့ ထောက်ပြတယ်။
ကေသီ့မှာ စိုးရိမ်စိတ်တွေရှိတယ်။ ဒါပေမယ့် ယုံကြည်မှုရှိတဲ့ သူ့ယောက်ျား သဘောအတိုင်း ဆုံးဖြတ်ချက်ချလိုက်တယ်။ သူတို့နှစ်ယောက် ဆုတောင်းကြတယ်။ ကိုယ်တော်၊ ကျွန်တော်တို့လုပ်ငန်းကို ကူမတော်မူပါ။ ၅၀- ၅၀၊ အမြတ်ရရင် ၅၀ပဲယူမယ်။ ၅၀ ရာနှုန်းကို လှူမယ်။ ကေသီစုထားတဲ့ ပိုက်ဆံကို ဒေးဗစ်ယူလိုက်တယ်။ ဝက်ရှာဝယ်တယ်။ “ဒီတကောင်ဝယ်တာ ဈေးတော်တော်တန်တယ်။” ဆိုပြီး အားရဝမ်းသာ အိမ်ပြန်လာတယ်။
ကေသီကတော့ စိတ်မလှုပ်ရှားဘူး။ ဝက်ကရုပ်ဆိုးတယ်။ နှာခေါင်းက ကောက်သေးတယ်။ မကြိုက်ရုံမျှမကဘူး၊ ဒေးဗစ်အလိမ်ခံရတာကို သိတော့ စိတ်တိုသွားတယ်။ ရောင်းတဲ့သူက မြုံနေတဲ့ ဝက်ကို သိရက်နဲ့ရောင်းတယ်။ “ကျွန်မပြောသားပဲ၊ ရှင်က ဝက်အကြောင်း ဘယ်လောက် သိလို့လဲ။ ရှိစု မဲ့စု စုထားတာလေးတော့ ကုန်ပါပြီ” လို့ ညည်းရှာတယ်။
“ဘုရားသခင်ကို ယုံပါကွာ” လို့ ဒေးဗစ်က အားပေးစကား ပြောရတယ်။ ပြီးမှ တိတ်တိတ်လေး တယောက်တည်း အသည်းအသန် ဆုတောင်းရတယ်။ ကိုယ်တော်၊ ကယ်ပါဦး။ သားမပေါက်တဲ့ဝက်ကို ဝယ်မိသွားပြီ။
တနေ့တော့ ဝက်ထီးတကောင် ခြံနားဖြတ်လာပြီး ဒေးဗစ်ရဲ့ဝက်မ သားရသွားတယ်။ အံ့ဩစရာပါ။ ဒေးဗစ် ဆက်ဆုတောင်းတယ်။ သားများများပေါက်ပါစေ။ ကိုယ်တော် (သာမန်အားဖြင့် ၆ကောင်၊ ရကောင် ပေါက်တတ်တယ်။ ) ဘုရားက ဒေးဗစ် ဆုတောင်းတာကို နားထောင်ပုံရတယ်။ ဝက်မက ကြီးလာလိုက်တာ ကြံ့လားမှတ်ရတယ်။ အစားကောင်းလွန်းလို့ လူဆယ်ယောက်လောက်ဆီက ပိုက်ဆံချေးပြီး ဝက်စာဝယ်ရတယ်။
သားပေါက်ချိန်နီးတော့ ဝက်ကလေးတွေ အသေအပျောက်မရှိအောင် ဒေးဗစ် ဝက်ခြံမှာ စောင့်အိပ်ရတယ်။ သူ့ဆုတောင်းကို ဘုရားသခင်နားညောင်းတယ်။ မြုံနေတဲ့ဝက်မက ဝက်ကလေး ၁၅ ကောင်ပေါက်တယ်။
ဝက်ကလေး ၁၀ ကောင်ရောင်းပြီး အကျွေးဆပ်။ ၅ ကောင်ကို ဆက်မွေးတယ်။ သူ့အလုပ်ကို ဘုရားသခင်မစလိုက်တာ နောက်ဆုံးတော့ ဝက်အကောင် ရ၀ ရှိလာတယ်။ ဒါပေမယ့် တခါတော့ ကေသီကိုပြောမိတယ်။ “ဝက်ခြံဆောက်ဖို့ ဘုရားသခင်က မြေကွက်သစ်တခုပေးမယ်လို့တော့ ငါမထင်ဘူး။”
ဒါနဲ့ပတ်သက်ပြီး ဆုတောင်းပြီးတဲ့နောက်ပိုင်းမှာ ဘုရားအမှုတော်ကိုပဲ အချိန်ပြည့် လုပ်ဆောင်နိုင်ဖို့ ဝက်တွေအကုန်လုံးရောင်းဖို့ သဘောတူလိုက်ကြတယ်။ ကိုယ်တော် အရင်တုန်းက အမြတ်၅၀ ရာနှန်း လှူခဲ့ပါတယ်။ ကောင်းကြီးလည်း ခံစားရပါတယ်။ ဒီတခါတော့ ၁၀၀ရာခိုင်နှုန်း အကုန်လှူပါမယ်။ ဝယ်မယ့်သူသာလွှတ်ပေးပါ။
အဲဒီနောက်မှာတော့ ဒေးဗစ်ရဲ့သူငယ်ချင်းတယောက်က အစိုးရ ဝက်မွေးမြူရေးလုပ်ငန်း စတင်ဖို့ ကုလသမဂ္ဂရဲ့ ထောက်ပံ့ကြေးရခဲ့တယ်။ ဒေးဗစ်ရဲ့ သားပေါက်ကောင်းတဲ့ ဝက်မျိုးကို ရောင်းမလားလို့ဆိုတယ်။ ဒါ ဘုရားအဖြေပေးတာပဲလို့ ဒေးဗစ် ချက်ချင်းသိလိုက်တယ်။ ဝက်ရောင်းရငွေနဲ့ ပေ ၄၀ x ၈၀ ရှိတဲ့ ခန်းမတခု ခြံထဲမှာ အိမ်နဲ့ကပ်လျက်ဆောက်လိုက်တယ်။ (အမေပေးတဲ့အမွေထဲက ငွေကျပ် ၁သောင်းခွဲနဲ့ အုတ်မြစ်ကတော့ ချခဲ့ပြီးသားဖြစ်ပါတယ်။) အမေ့ကျေးဇူး၊ ဝက်မွေးတဲ့ကျေးဇူးနဲ့ MYC ယုံကြည်သူတွေ မန်ကျည်းပင်အောက်မှာ စုစရာ မလိုတော့ဘူး။
ခန်းမဆောက်ပြီးတာနဲ့ ခြံထဲမှာ အဆောက်အအုံပိုင်းကို တိုးချဲ့လာနိုင်ခဲ့တယ်။ တဖက်ကလည်း လမ်းဘေးဧဝံဂေလိ၊ ဆေးဖြတ်လုပ်ငန်း၊ အသင်းတော်အလုပ်တွေကို တိုးချဲ့ချင်နေတယ်။ ဘုရားကျောင်း မတက်ဖူးသူ၊ ဘုရားအလုပ်အတွက် အတွေ့အကြုံမရှိသူ၊ ကူညီမယ့်သူလည်း မရှိသူဆိုတော့ ကျမ်းစာကျောင်း တက်ရရင်တော့ ပိုကောင်းမယ် လို့ သူတွေးမိတယ်။
၁၉၇၆ မှာ Campus Crusade for Christ ရဲ့ သင်တန်းတခုအကြောင်းကို ကြားရတယ်။ ဧဝံဂေလိအကြောင်းကို ကိုကိုးကျွန်းမှာ နှစ်လလောက် လေ့လာရတယ်။ တသက်တခါရတဲ့ အခွင့်အရေးကို သူ အရယူလိုက်တယ်။
အဲဒီခရီးစဉ်လေးဟာ သူရဲ့အမှုတော်လုပ်ငန်းကို အပြောင်းအလဲဖြစ်စေရုံသာမက ပြည်တွင်းဂီတလောကမှာ နေရာတနေရာ ရလာမှာလို့ သူမမျှော်လင့်ခဲ့ပါ။