NEVER SAY DIE, မာတိကာ၊ ကျေးဇူးစကား၊ နိဒါန်း

သေတယ်ဆိုတဲ့စကား မပြောရတော့ဘူး

The story of David Yone Mo and Myanmar Young Crusaders

David Yone Mo နဲ့ Myanmar Young Crusaders တို့အကြောင်း

ဒီစာအုပ်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တာလုံးလုံး အနားမှာ ရပ်တည်ပေးပြီး၊ ကျွန်တော့အပေါ် စိတ်လုံးဝမပျက်ခဲ့တဲ့ ချစ်ဇနီး Indira အတွက် အမှတ်တရ ရည်ရွယ်ပါတယ်။

Douglas Hsu

“လူမျိုးသမီးများတို့သည် ကောင်းမွန်စွာပြုကြပြီ။ သို့ရာတွင် သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ။” သုတ္တံ ၃၁း ၂၉။

မာတိကာ

ကျေးဇူးစကား

နိဒါန်း

၁။ လူဆိုးလေး

၂။ လမ်းသရဲဂိုဏ်း

၃။ ကေသီ

၄။ လူနာဆောင် ၂၁ မှ သေခါနီးလူ

၅။ ဖျက်လိုက်ရတဲ့ နာရေးပွဲ

၆။ ဂိုဏ်းအသစ် – The Myanmar Young Crusaders

၇။ ခက်ခဲရာကာလ ရ နှစ် (၁)

၈။ ခက်ခဲရာကာလ ရ နှစ် (၂)

၉။ ရိတ်သိမ်းစပြုပြီ

၁၀။ ဒေးဗစ်ရဲ့ စစ်သူရဲများ

၁၁။ သခင်ယေရှုအတွက် ခေတ်ပေါ်ဂီတ

၁၂။ ခြင်္သေ့များ သိုးသူငယ်အဖြစ် ပြောင်းလဲခြင်း (၁)

၁၃။ ခြင်္သေ့များ သိုးသူငယ်အဖြစ် ပြောင်းလဲခြင်း (၂)

၁၄။ အနာကြီးရောဂါသည်တွေနဲ့ ရင်းရင်းနှီးနှီး

၁၅။ အပယ်ခံတွေနဲ့ ရင်းရင်းနှီးနှီး

၁၆။ လောကနဲ့မဆိုင်

၁၇။ သေတယ်ဆိုတဲ့စကား မပြောရတော့ဘူး

နိဂုံး

ကျေးဇူးစကား

ပထမဦးစွာ ဒီစာအုပ်ရေးဖို့ အထူးသဖြင့် မစတော်မူတဲ့ သခင်ယေရှုကို ကျေးဇူးတင်ပါတယ်။ ဒီစာအုပ်ကို ရေးရတာ တာဝန်ကြီးပါတယ်။ ရေးနေတဲ့ကာလတလျောက် နံဘေးမှာ ရပ်တည်ပေးခဲ့တဲ့ ချစ်ဇနီး အင်ဒီရာ (Indira) ကို ကျေးဇူးတင်တယ်။ တည်ကြည်ကောင်းမြတ်တဲ့ သူ့စိတ်ဓါတ်နဲ့ အားပေးမှုတွေကြောင့် ဒီစာအုပ်ပြီးအောင် ရေးနိုင်ခဲ့တာပါ။

ဒီစာအုပ်အတွက် ငွေကြေးသာမက စိတ်ဓါတ်ပိုင်းပါ အားပေးကူညီခဲ့တဲ့ ရွန်းတစ်လက် (Rom Tillett) ၊ ဓါတ်ပုံတွေ စုဆောင်းပေးတဲ့ ဂျိုဝယ်လ်၊ မားစ်(Joel Maas) နဲ့ စာမျက်နှာ ပြင်ဆင် ပုံနှိပ်ပေးတဲ့ ဘီလ်၊ ဂျိမ်းစ် (Bill James) တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

နောက်ဆုံးမှ ကျေးဇူးစကားပြောရပေမယ့် ကျေးဇူးအရာမှာ မနဲဘူးလို့ဆိုရမယ့် သူတွေကတော့ ၂၀၀၂ ခုနှစ်မှာ သွားရောက်လေ့လာ လည်ပတ်တုန်းက တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ The Myanmar Young Crusaders မှ ဆရာများနဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဆရာတို့ရဲ့ ရိုးသားပြီး၊ နှလုံးသားကို တကယ်တို့ထိ ခံစားသွားရစေတဲ့ သက်သေခံချက်တွေက ဒီစာအုပ်ကို ထူးခြားစေမှာ ဖြစ်ပါတယ်။

နိဒါန်း

အဖေက အင်ဂျင်နီယာ ဖြစ်စေချင်တယ်။ အမေက ဆရာဝန် ဖြစ်စေချင်တယ်။ ဒါပေမယ့် ဒေးဗစ်ရုံးမိုကတော့ မြန်မာပြည်ရဲ့ နံပါတ်တစ် လမ်းသရဲဂိုဏ်းကြီးရဲ့ ဂိုဏ်းခေါင်းဆောင်သာ ဖြစ်လာပါတော့တယ်။

ဒီစာအုပ်ဟာ ၂၀ ရာစုခေတ် အာရှတိုက်ရဲ့ အံ့ဩစရာအကောင်းဆုံး လူသားတွေထဲက တယောက်အကြောင်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အဆိုးဆုံး လမ်းသရဲတယောက် ဘဝကနေ၊ ထိပ်တန်း တရားဟောဆရာတယောက်၊ လူတွေကို ကူညီတဲ့သူတယောက်အဖြစ် ပြောင်းလဲသွားတဲ့ အကြောင်းပါ။ သေလုဆဲဆဲအခြေအနေကနေ ဘုရားသခင်က အံ့ဩဘွယ် ရောဂါပျောက်ကင်း စေတဲ့အခါ မူးယစ်ဆေးသမား ဘဝကနေပြောင်းလဲကာ ပြည်တွင်းက မူးယစ်ဆေးစွဲသူတွေ၊ မိဘမဲ့ကလေးတွေ၊ အနာကြီးရောဂါသည်တွေနဲ့ HIV, AIDS ဝေဒနာသည်တွေ စတဲ့ ထောင်နဲ့ချီတဲ့ လူတွေရဲ့ ဖခင်တယောက်ဖြစ်လာတယ်။

ဆရာဦးဒေးဗစ်နေတဲ့ တိုင်းပြည်ကတော့ အရှေ့တောင်အာရှမှာ ဆွဲဆောင်မှုရှိတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။ အရင်က Burma လို့ခေါ်တယ်။ နိုင်ငံရေးအရ အပြစ်ထောက်စရာ လူ့အခွင့်အရေး မှတ်တမ်းတွေ ရှိနေတဲ့ အထီးကျန် စစ်အစိုးရရဲ့ နိုင်ငံလို့ သိခဲ့ကြတယ်။ ယဉ်ကျေးမှုအရ မတူညီတဲ့ ဓလေ့တွေ အများကြီးရှိတယ်။ လူဦးရေရဲ့ သုံးပုံ နှစ်ပုံက ဗမာဖြစ်ပြီး၊ ကျန်လူတွေကတော့ လူမျိုးပေါင်း ၁၃၀ ကျော် ပေါင်းစပ်ပါဝင်တယ်လို့ ဆိုတယ်။

စိတ်မကောင်းစရာက ပြီးခဲ့တဲ့ နှစ်တွေအတွင်း မြန်မာပြည်ရဲ့ နာမည်အကြီးဆုံး ပို့ကုန်ဟာ ဘိန်းဖြူဖြစ်တယ်။ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ ထိစပ်ရာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေတြိဂံဒေသဟာ ၁၉၉၀ ပြည့်နှစ်များမှာ ကမ္ဘာ့အများဆုံး ဘိန်းဖြူတင်ပို့ရာ ဒေသဖြစ်တယ်။ ကျယ်ပြန့်တဲ့ အဲဒီဒေသရဲ့ ဘိန်းခင်းတွေကနေ ဘိန်းမဲထုတ်တယ်။ ဘိန်းမဲကနေ ဘိန်းဖြူထုတ်တယ်။ နှစ်ပေါင်းများစွာကြာအောင် မြန်မာပြည်ဟာ ကမ္ဘာ့အကြီးဆုံး ဘိန်းဖြူ ထုတ်လုပ်သူအဖြစ် နာမည်ဆိုးကြီး ရထားပါတယ်။

ဘိန်းဖြူဟာ အနောက်နိုင်ငံက လူသန်းပေါင်းများစွာကို နင်းချေရုံသာမက မရေမတွက်နိုင်တဲ့ မြန်မာပြည်သားတွေကိုလည်း ပျက်စီးစေခဲ့တယ်။ ဘိန်းဖြူစွဲပြီး နောက်ဆက်တွဲ အနေနဲ့ ပြစ်မှုကျူးလွန်ခြင်းနဲ့ HIV, AIDS ရောဂါတွေဟာ အထူးသဖြင့် သန်းနဲ့ချီတဲ့ မြန်မာလူငယ်တွေပေါ်မှာ ပြဿနာကြီးတရပ် ဖြစ်နေတယ်။ ဒီအချက်တွေကို ကြည့်ရင် ဆရာ ဒေါက်တာ ဒေးဗစ်ရုံးမိုရဲ့ ဘဝနဲ့ သူ့လုပ်ရပ်တွေဟာ သိပ်ကြီးမြတ်တယ်လို့ ဆိုရမှာပါ။

ဆရာဦးဒေးဗစ်ရဲ့ ဘဝနဲ့ သူ့အလုပ်အကြောင်းဟာ မစုံမလင် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒီစာအုပ်ကို ဖတ်တဲ့အခါ စိတ်ဝိညာဉ်မှာ နွေးထွေးတဲ့ အလင်းကလေး ဘုရားသခင်ထွန်းညှိပေးမယ်လို့ မြော်လင့်ပါတယ်။ ဒီစာအုပ်ကို ရေးရင်းနဲ့ ခဏရပ်ပြီး “ငါလည်း ဒီလို လုပ်ရဲ့လား?” “ငါလည်း အဲဒီလို ဖြစ်နိုင်သလား?” လို့ ကိုယ့်ကိုကိုယ် အကြိမ်ပေါင်းများစွာ ပြန်မေးနေမိတယ်။ ဒီစာအုပ်ကို ဖတ်မိသူတိုင်းလည်း ကိုယ့်ကိုကိုယ် ဒီမေးခွန်းလေးတွေ ပြန်မေးမိမယ်လို့ မြော်လင့်ပါတယ်။

Douglas Hsu

New Delhi, India

October 2008.