
CHAPTER 4
Dying in Ward 21
အခန်း ၄
လူနာဆောင် ၂၁ မှ သေခါနီးလူ
၁၉၇၄
“ကျွန်မသားလေး ဘယ်လိုနေလဲ.. ဆရာ?” ဒေါ်အဲလိဇဘက် စိုးရိမ်တကြီး မေးလိုက်တယ်။ ဆရာဝန်ကြီးရဲ့စိတ်ထိန်းထားတဲ့ အမူအယာကြောင့် သတင်းကောင်း မဖြစ်နိုင်ဘူးလို့ သိလိုက်ပါတယ်။
ဆရာဝန်ကြီးက ဒေါ်အဲလိဇဘက်ကို ငေးငေးငိုင်ငိုင်ကြည့်လိုက်ရင်း သက်ပြင်းရှည်ကြီးချတယ်။ “ဒေါ်အဲလိဇဘက် ပြောရမှာ စိတ်မကောင်းဘူး။ ခင်ဗျားသားက တပတ်ပဲ အသက်ရှင်တော့မယ်”
ဆရာဝန်ကြီးရဲ့ပြောစကားတွေက ဒေါ်အဲလိဇဘက်ရဲ့ နှလုံးသားကို ထရပ်ကားတစီးလိုပဲ နင်းချေသွားတယ်။ “ဘယ်လိုပါလိမ့်” ကြားရတဲ့စကားကို မယုံနိုင်ဘူး။
“ခင်ဗျားသားက အသည်းရောင်ရောဂါရတာ ကျွမ်းနေပြီ။ မသန့်တဲ့ ဆေးထိုးအပ်တွေကြောင့် ဖြစ်မယ်ထင်တယ်။ သူ့အသည်းက တအားကြီးနေပြီ။”
ဒေါ်အဲလိဇဘက် ဘာမှမပြောတတ်တော့ပါ။ “ဒါပေမယ့် သူ့အတွက် ဆရာ တခုခုလုပ်ပေးလို့ မရတော့ဘူးလား”
“ဆေးရုံကို စောစောရောက်လာရင်တော့ တခုခုလုပ်ပေးလို့ ရမှာပေါ့။ အခုတော့ လွန်သွားပြီ။” အမေတယောက်ရဲ့မျက်ရည်ကို မြင်လိုက်ရတဲ့ ဆရာဝန်ကြီးဟာ ရိုသေစွာနဲ့ မျက်လွှာချလိုက်ရတယ်။
ဒေါ်အဲလိဇဘက်ဟာ အတော်ကြအောင် မလှုပ်မယှက်ထိုင်နေမိတယ်။ ကြားရတဲ့စကားကို သူ့နှလုံးသားက ခံယူနိုင်စွမ်းမရှိဘူး။ ခဏကြာငြိမ်သက်နေပြီးမှ မျက်ရည်တွေကို သုတ်ဖယ်လိုက်တယ်။ “ဒါဆို ဆရာ ….. ကျွန်မအခု ဘာလုပ်ရမလဲ”
ဆရာဝန်ကြီးကမဖြေခင် သက်ပြင်းကြီးတချက်ချလိုက်တယ်။ “ကျွန်တော် တကယ်စိတ်မကောင်းပါဘူး ဒေါ်အဲလိဇဘက်၊ အခုအချိန်မှတော့ ဘာမှလုပ်လို့ ရမယ်မထင်တော့ဘူး။”
ဆရာဝန်ကြီးက ထွက်သွားဖို့ပြင်ရင်း မတ်တပ်ရပ်လိုက်တယ်။ ဒေါ်အဲလိဇဘက် ဟာ ချက်ချင်းစိတ်ထိန်းလိုက်ပြီး ရန်ကုန်ဆေးရုံကြီးရဲ့ လူနာဆောင်အမှတ်၂၁ဘက်ကို ခြေဦးတည်လိုက်ပါတယ်။ အခန်းထဲဝင်လိုက်တော့ အိပ်ယာပေါ်မှာလှဲနေတဲ့ သားဒေးဗစ်ကို တွေ့တယ်။ ဖြူဖတ်ဖြူရော်နဲ့ မလှုပ်မယှက်ဖြစ်နေပြီး အသားဝါ မျက်လုံးတွေက မျက်နှာကြက်ကို ကြောင်တောင်တောင် ငေးကြည့်နေပြီ။ တသက်လုံး ဒုက္ခပေးခဲ့တဲ့ ခေါင်းမာတဲ့ သားဆိုးဆိုတဲ့ပုံ မပေါ်တော့ဘူး။
“ဆရာဝန်ကြီး ဘာပြောလဲ အမေ” ဒေးဗစ်က အားလျော့လျော့နဲ့ မေးတယ်။ “ကျွန်တော် သေတော့မယ်ထင်တယ်။ ကျွန်တော့ကိုယ်မှာ သေတော့မယ့်အတိုင်း ခံစားနေရတယ်”
ဒေါ်အဲလိဇဘက် အားယူပြုံးလိုက်ပြီး ပြန်ဖြေတယ်။ “သားနေကောင်းသွားမှာပါ။ အနားယူပြီးတော့ ဆရာဝန်ကြီးတွေ ပြောတဲ့စကား နားထောင်နော် သား။”
“ဝှက်ထားဖို့ မကြိုးစားပါနဲ့အမေ၊ သေချင်လည်း သေပါစေပေါ့ဗျာ။” ဒေးဗစ်ညည်းတယ်။
သေခါနီးအချိန်ထိ ဒေးဗစ်က ဟန်ဆောင်တာကို မကြိုက်တတ်ဘူး။ လူနာဆောင်အမှတ် ၂၁ ကို ဘယ်လိုလူနာမျိုးတွေကို ပို့တယ်ဆိုတာ သိတယ်။ အသည်းရောင်အသားဝါ လူနာတွေပေါ့။ သူ့အရင်က အပေါင်းအသင်းတွေလည်း ဒီအခန်းထဲမှာပဲ အသက်ချုပ်ရတယ်။ အခန်းထဲက တခြားလူနာတွေကို ကြည့်ရင်း နားလည်ပါတယ်။ သူတို့လိုပဲ သူလည်း သနားစရာ ဇာတ်သိမ်းခန်း ရောက်နေပြီ။
“အသားဝါရောဂါမဟုတ်လား အမေ” ဒေးဗစ် မျက်လုံးဖွင့်ရင်း မေးလိုက်တယ်။ “ကျွန်တော့အသည်းအကြောင်း ဆရာဝန်ကြီးပြောတာ ကြားလိုက်တယ်။ လူနာဆောင် အမှတ်၂၁ မှာ ဇာတ်သိမ်းသွားတဲ့ လူတွေလည်း ကျွန်တော်သိတယ်။ အဲဒီတော့ ကျွန်တော် ဘယ်နှစ်ရက်လောက် အသက်ရှင်ခွင့်ရမယ်လို့ ပြောသလဲ။”
သားရဲ့တည့်ထိုးစကားကြောင့် ဖုံးကွယ်လို့မရတဲ့ ဒေါ်အဲလိဇဘက်ဟာ အသေတဝက် အလန့်တဝက်နဲ့ ရုတ်တရက် မျက်တောင်ခတ်လိုက်တယ်။ ဒါပေမယ့် သူ့ခံစားချက်ကို ဒေးဗစ်မသိအောင် အတတ်နိုင်ဆုံးကြိုးစားရင်း သားလက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်ပြီး ဆူလိုက်တယ်။ “တော်ပြီ – တော်ပြီ ဆရာဝန်ကြီးက စိတ်သိပ်မလှုပ်ရှားနဲ့ ရောဂါဆိုးလာမယ်လို့ ပြောထားတယ်။ ခဏငြိမ်ငြိမ်လေး အနားယူလိုက်။ နောက် သား အားရှိတော့မှ စကားပြော။”
ပြောလက်စစကား အသံတိတ်သွားကြတယ်။ ဒေါ်အဲလိဇဘက်မှာ ဘာမှ ပြောစရာမရှိတော့ဘူး။ မျက်လုံးမှိတ်ပြီး တိတ်တိတ်ပဲ ဆုတောင်းနေတော့တယ်။ အဲဒီအချိန်မှာ ဒေးဗစ်ကလည်း အိပ်ယာထဲ လဲနေရုံကလွဲပြီး ဘာမှမလုပ်နိုင်။ အမေ့ပါးစပ်က ဘာပြောမလဲပဲ တိတ်တိတ်စောင့်ကြည့်နေရတယ်။ မြန်မာပြည်ရဲ့ အကြမ်းဆုံးလမ်းသရဲ ဂိုဏ်းခေါင်းဆောင်လို့ မာနတက်ခဲ့တဲ့လူက အခု အကြီးအကျယ် လှဲချခံနေရချိန်ဖြစ်ပါတယ်။ လူနာဆောင်မှာ မလှုပ်မယှက်လှဲနေရင်း သေဖို့စောင့်နေရပြီး သူ့ကိုသင်္ဂြ ုိလ်ပေးမယ့် အမေရဲ့အပြုအမူတွေကို ငေးကြည့်နေရပြီ။
ဒေးဗစ် တဘက်ကိုစောင်းလှည့်ကြည့်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမယ့် ဗိုက်ထဲက စူးစူးရှရှနာလာတာကြောင့် လက်လျှော့လိုက်ရတယ်။ ငါ တကယ်သေတော့မလား မသိဘူးလို့ စိတ်ထင်လာတယ်။ မသန့်တဲ့ ဆေးထိုးအပ်တွေကြောင့် အသားဝါဖြစ်ဖူးတဲ့ သူငယ်ချင်းတွေအကြောင်း စဉ်းစားမိတယ်။ သူတို့ တယောက်မှ ရောဂါ မပျောက်ဘူး။ သူ ဘယ်ကနေ ဒီရောဂါရလာပါလိမ့်။ မသန့်တဲ့ ဆေးထိုးအပ်လည်း ငါမသုံးဖူးပါဘူး။ သုံးမိလို့လား။ ဆေးထလာပြီဆိုရင်တော့၊ အပ်မရွေးတော့ဘူးပေါ့။ ဘယ်သူ့အပ်ကြောင့် ကူးတာပါလိမ့်။ ငါ ဆေးရုံကဆင်းရင်တော့၊ ငါ့ကို ရောဂါကူးအောင်လုပ်တဲ့ကောင်ကို ရှာပြီး၊ ကောင်းကောင်းဆုံးမရဦးမယ်။
အခန်းကို လှည့်ကြည့်လိုက်တယ်။ တခြားလူနာတွေလည်း သူ့လိုပဲ ရောဂါတွေနဲ့ အားလျော့လျော့နဲ့ လဲနေကြတယ်။ နောက်ထပ် ဘယ်သူအရင်သေမလဲလို့ အားလုံး တွေးနေကြတယ်။ လူနာတယောက်ဆိုရင် ဝေဒနာပြင်းလွန်းလို့ ညည်းညူအော်ဟစ် နေရတယ်။ ခဏကြာတိုင်း သူနာပြုဆရာမတယောက် ဝင်လာပြီး လူနာတယောက်ကို စစ်မယ်။ နည်းနည်းပါးပါး ချရေးမယ်။ ပြီးရင် အနံ့အသက်မကောင်းတဲ့ အခန်းထဲကနေ အမြန်ဆုံးပြေးထွက်မယ်။ အဲဒါ လူနာဆောင်အမှတ်၂၁ ပါပဲ။
တဘက်ကို စောင်းလို့မရတော့ မျက်နှာကြက်ကို ငေးကြည့်ရတယ်။ ငါသေရင် ဘာဆက်ဖြစ်မလဲ။ တသက်လုံး နေချင်သလို နေခဲ့ပြီးပြီ။ လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ။ ရန်ဖြစ်တိုင်းလိုလို နိုင်ခဲ့ပြီးပြီ။ မက်ထရစ်စာမေးပွဲ အောင်ပြီးပြီ။ ရန်ကုန်တက္ကသိုလ်လည်း ရောက်ပြီးပြီ။ ရသမျှအစားအသောက် အားလုံးလိုလို စားသောက်ဖူးပြီ။ သူများထက်လည်း ပိုသောက်ခဲ့ဖူးပြီ။ သူ့ခေတ်က မိန်းမချောလေးတွေနဲ့ တွဲခဲ့ဖူးပြီ။ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ အောင်အောင်မြင်မြင် အနိုင်ယူကြီးစိုးခဲ့ဖူးပြီ။ ဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားပြီး ဖြစ်လည်းဖြစ်ခဲ့ပြီ။
“အမေသွားတော့မယ် ဒေးဗစ်။” အမေ့အသံကြောင့် သူ့အတွေးတွေ လန့်ဖြန့်သွားတယ်။ “ကေသီနဲ့ ကလေးတွေကို သွားကြည့်လိုက်ဦးမယ်။ နောက်မှ အမေပြန်လာမယ်။”
“ဟုတ်ကဲ့၊ ကောင်းပါတယ်။” ဒေးဗစ် စကားမပီမသ ဖြေတယ်။ “နားဦးလေ၊ အမေ ပင်ပန်းရောပေါ့။ ကျွန်တော့အတွက် မစိုးရိမ်နဲ့။ အမေပြန်လာလို့ ကျွန်တော် မသေသေးရင် ပြန်တွေ့ကြတာပေါ့။”
“တော်တော့” ဒေါ်အဲလိဇဘက် အော်လိုက်တယ်။ “အဲလိုမပြောရဘူး။ ဆေးရုံမှာ ကောင်းကောင်းနေ သက်သာလာလိမ့်မယ်။ မင်းရောဂါပျောက်အောင် ဘုရားသခင်ထံမှာ အမေဆုတောင်းနေတယ်။”
“အင်း၊ အင်း” ဒေးဗစ် ရေရွတ်တယ်။ “ကျွန်တော့လို ရောဂါတွယ်နေတဲ့ ဒီကိုယ်ခန္ဓာကြီးကို ဘုရားသခင်ကတောင် တို့ထိချင်မယ်လို့ မထင်ဘူး။”
ဒေါ်အဲလိဇဘက်က ငုံ့ပြီး ဒေးဗစ်ရဲ့ခေါင်းအုန်းအောက်မှာ ပစ္စည်းတခု ထည့်လိုက်တယ်။ “အမေ ဒီမှာ ကျမ်းစာအုပ်ထားတယ်နော်သား၊ မင်းဖတ်ချင် ဖတ်ဖို့ ထားပေးတယ်။ စိတ်သက်သာချင်ရင် ဘယ်ကျမ်းကို ဖတ်ရမလဲဆိုတော့….. ”
“ထားလိုက်ပါ အမေရာ” ဒေးဗစ် ဖြတ်ပြောတယ်။ “အရင်ကလည်းမဖတ်ဘူး။ အခုရော ဖတ်မယ်လို့ထင်သလား၊ ဒီလိုအချိန်ကြီးမှာဗျာ။”
ဒေါ်အဲလိဇဘက်က မပြန်ခင်မှာ သားရဲ့လက်ကို ဖျစ်လိုက်ရင်း သားနဖူးကို ငြင်ငြင်သာသာ နမ်းလိုက်တယ်။ အမေပြန်တာကို ကြည့်ရင်း ဒေးဗစ်တွေးလိုက်တယ်။ စိတ်မလျှော့ကြသေးပါလား။ သူတို့မေတ္တာနဲ့ ငါမထိုက်တန်ဘူးဆိုတာ ဘုရားသခင် သိပါတယ်။
ဒေးဗစ်မှာ အချိန်နဲ့အမျှ အိပ်မရတဲ့အဖြစ်က ဆိုးလာတယ်။ နာကျင်တာတွေ ပိုလာတယ်။ အားက ယဲ့ယဲ့ပဲရှိတော့တယ်။ စိတ်က ပိုပျံ့လွင့်လာတယ်။ သေခါနီးတယ် ဆိုတာ ဒါမျိုးလားလို့ သူစိတ်ထင်လာတယ်။ မျက်နှာကြက်ကို ငေးကြည့်ရုံကလွဲလို့ တခြားအလုပ်မရှိတော့ အကြောင်းအရာ တခုပြီးတခု ဖျတ်ကန ဲဖျတ်ကနဲ တွေးမိတယ်။ ဒီကမ္ဘာပေါ်မှာ ငါဘာတွေ လုပ်နေပါလိမ့်။ အခု သေရတော့မယ်ဆိုတော့ လင်ယောက်ျားကောင်း၊ အဖေကောင်းတယောက် မဖြစ်ခဲ့တဲ့အတွက် အတော် ဝမ်းနည်းမိတယ်။ “နောင်ဆိုရင် ဒီထက် ပိုကောင်းအောင်နေမယ်လို့ တွေးမိတယ်။ ဒါပေမယ့် နောင်တချိန်ဆိုတာ ရှိပါဦးမလား။ တမလွန်အကြောင်းလည်း သိပ်မစဉ်းစားဖူးဘူး။ သေပြီးရင် ဘာတွေဖြစ်လာမလဲ။”
“လက်မောင်း ပေး” သူနာပြုဆရာမရဲ့ စကားသံဟာ သူ့အတွေးကို လန့်််ဖျပ်သွားစေတယ်။ ဆရာမက သွေးပေါင်ချိန် လာတိုင်းတာပါ။
“ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်တော် သေခါနီးပြီလား” လို့ မေးလိုက်တယ်။
ဆရာမက မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ “အဲဒီလို မပြောနဲ့၊ အနားယူပါ နေကောင်းသွားလိမ့်မယ်။ ဆရာမက ပြောနေကျစကားကို ခပ်ပေါ့ပေါ့ပြောပြီး အခန်းထဲက ထွက်သွားတယ်။
သူတို့က အမှန်ပြောရမှာကို ကြောက်နေကြတယ်။ သေတယ်ဆိုတာ ကြောက်စရာလား။ ငါ့ဘဝမှာ အကြမ်းဆုံးလူမိုက်တွေနဲ့တောင် ရင်ဆိုင်ခဲ့ပြီးပြီ။ ငါ ဘယ်လိုလူဆိုတာ သူတို့သိရင် ငါ ဘာကိုမှ မကြောက်တတ်ဘူးဆိုတာ သူတို့ သိမှာပါ။
ဒါပေမယ့် သေရင်ပြီးပြီလား။ ဒီမေးခွန်းက အိပ်မပျော်တဲ့အချိန် တလျှောက်လုံး သူ့ကို ဒုက္ခပေးနေတယ်။ ဒီအကြောင်းတွေကို စိတ်မပူသင့်ဘူးလို့ သူ့ကိုယ်သူ ပြန်ပြောနေလည်းမရဘူး။ ထာဝရကာလထဲမှာ မေ့မျောနေမှာလား။ ဒါမှမဟုတ် သေပြီးရင် အသက်ဆက်ရှင်ရဦးမလား။ ဘုရားသခင်ဆိုတာ ရှိသလား။ မိဘတွေက ဘာသာမတူတော့ ဘာသာရေးအကြောင်း သိပ်မသိချင်ခဲ့ဘူး။ အဖေက ခရစ်ယာန်မဟုတ်၊ အမေကတော့ ခရစ်ယာန်။ ဘက်လည်းမလိုက်ချင်တော့ ငယ်ငယ်ကတည်းက ဘာသာရေးကို ကျောခိုင်းခဲ့တယ်။ အဲဒီတုန်းက ဘုရားသခင်၊ သေခြင်း၊ ကောင်းကင်နဲ့ငရဲ ဆိုတာတွေက လက်တွေ့မကျဘူး။ အသုံးမဝင်ဘူးလို့ ထင်ခဲ့တယ်။ ငယ်ငယ်တုန်းကပါ။ ဒါပေမယ့် အခုတော့ သေခြင်းတရားက သူ့ကို ချောင်ပိတ်မိထားပြီ။ အရင်က မတွေးခဲ့ဘူးတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို သိချင်လာပြီ။
ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တယောက်တည်း မနေတတ်မထိုင်တတ် ဖြစ်လာတယ်။ အခန်းထဲကို သူနာပြုဆရာမတွေ ဝင်လိုက်ထွက်လိုက် လုပ်နေချိန်မှာ မျက်နှာကြက်က ပန်ကာတွေက တဝီဝီနဲ့ ပျင်းစရာကောင်းအောင် လည်နေတယ်။ ဒေးဗစ် မျက်လုံးမှိတ်ပြီး အိပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် အိပ်မရဘူး။ ငါ ဘယ်ကလာသလဲ? ငါ ဒီလောကမှာ ဘာလုပ်နေသလဲ? ငါသေရင် ဘယ်ရောက်မလဲ? ဒီမေးခွန်းတွေက သူ့ကို ချောက်လှန့်နေတယ်။ ရှောင်လို့မရဘူး။ တခြားအကြောင်း တွေးဖို့ ကြိုးစားပေမယ့် မရဘူး။ သူ့ဝိညာဉ်က ဆောက်တည်ရာမရ ဖြစ်လာတယ်။ ငြိမ်သက်ခြင်း ကင်းမဲ့လာတယ်။ ဒီအဖြေတွေရဖို့ ငါ ဘယ်ကိုသွားရမှာပါလိမ့်။
ချက်ချင်း ခေါင်းအုန်းအောက်မှာ အမေထိုးထားခဲ့တဲ့ ကျမ်းစာအုပ်ကို သတိရလိုက်တယ်။ ရှိသေးရဲ့လား မသိဘူး။ ညာလက်နဲ့ စမ်းလို့ တွေ့လိုက်တယ်။ အော- ရှိသေးတယ်ဟ။ ဆွဲထုတ်လိုက်တယ်။ ငါရှာနေတဲ့ အဖြေတွေများ ကျမ်းစာထဲမှာပါမလား။ ဘယ်နေရာမှာ ရှာရမယ်ဆိုတာတော့ သူမသိဘူး။ ဒီစာအုပ်ကလည်း စာမျက်နှာ တော်တော်များတာပဲ။ ဘယ်နေရာက စဖတ်ရမလဲ။ တွေ့ချင်ရာတွေ့ဆိုပြီး ကျမ်းစာအုပ်ကို ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင်လုကာ ၂၃ တွေ့လိုက်ရတယ်။ အဲဒီကနေ စဖတ်လိုက်တယ်။
အဲဒီစာမျက်နှာမှာပါတဲ့ ကျမ်းစကားတွေဟာ သူ့ဘဝကို ပြောင်းလဲစေလိမ့်မယ်လို့ ဒေးဗစ် မရိပ်မိခဲ့ဘူး။