အခန်း ၁၃

ခြင်္သေ့များ သိုးသငယ်အဖြစ် ပြောင်းလဲခြင်း (၂)

(၁၉၉၀ နှစ်များမှ – ၂၀၀၂)

Turning Lions into Lambs (II)

ဆေးသမား ကောင်လေး ထိုင်ခုံပေါ်မှာ ထိုင်နေပုံက ကြည့်ရတာ တော်တော် မသက်သာတဲ့ ပုံ။ သူ့က ဆရာအလာကို စောင့်နေတယ်။ ခေါင်းငုံ့ထားရင်း အကြည့်က အားမရှိ၊ ဖျော့ဖျော့တော့တော့။ သူ့အဖေက အနားမှာ ထိုင်ရင်း စိတ်စော စိတ်လှုပ်ရှားနေတယ်။

ဆရာဦးဒေးဗစ်က ဆေးသမားတွေ အများကြီး လက်ခံပေမယ့် လူသစ် တယောက်ချင်းကို အရင် မေးမြန်းလေ့ရှိတယ်။ ခဏလေးအတွင်းမှာပဲ ဆေးသမားကို သဘောပေါက်ပြီး၊ သူဘယ်ကလာတယ် ဆိုတာကို နားလည်တယ်။

ရှေ့မှာထိုင်နေတဲ့ ကောင်လေးက အသက် ၂၀ ကျော်ပဲ ရှိဦးမယ်။ တီရှပ်အဖြူပေါ်မှာ ဝတ်ထားတဲ့ ဂျင်းဝတ်စုံက ပိန်ပါးတဲ့ သူ့ကိုယ်ပေါ်မှာ လျော့ရဲရဲ။ လူက ပိန်လွန်းသလို၊ မကျန်းမာပုံ ပေါက်နေတယ်။ ဆေးစွဲနေတာ နှစ်အတော်ကြာတဲ့ပုံ။ HIV-positive ရှိပုံရတယ်။ ဟုတ် မဟုတ်တော့ သေချာအောင် သွေးစစ်ကြည့်ဖို့လိုမယ်။

“အဲဒီတော့ မင်းဆေးစွဲတာ ဘယ်လောက်ကြာပြီလဲ?” လို့ မေးလိုက်တယ်။

“လပိုင်းပဲ ရှိပါသေးတယ်။” လို့ မပွင့်တပွင့် ဖြေတယ်။

“မညာနဲ့။” ဆရာဦးဒေးဗစ်က ချက်ချင်း ထောက်လိုက်တယ်။ “မင်းဆေးစွဲနေတာ အနည်းဆုံး ၅ နှစ်လောက် ရှိပြီ။ မြွေ မြွေချင်းတော့ ခြေမြင်ပါတယ်ကွာ။”

ကောင်လေး ရုတ်တရက် လန့်သွားတယ်။ မမြော်လင့်ပဲ စကား ချောင်ပိတ်မိသွားတယ်။ သူပြန်ပြီးကြည့်တဲ့ပုံအရ ဆရာဦးဒေးဗစ် စကား မှန်နေတယ်ဆိုတာ သိနိုင်ပါတယ်။

“အမှန်အတိုင်းပြောကွာ။ အမှန်ပြောမှ မင်းဆေးပြတ်မှာ။” စကား ခဏရပ်လိုက်ပြီးမှ သူ့ကို စေ့စေ့ကြည့်ရင်းနဲ့ “မင်း တကယ် ဆေးပြတ်ချင်သလား?”

ကောင်လေးက ခေါင်းငြိမ့်တယ်။

“ကောင်းပြီ၊ ငါက မင်းကို ဆေးဖြတ်ပေးနိုင်တာ မဟုတ်ဘူး။ ပညာတတ်ရုံနဲ့လည်း မင်း ဆေးမပြတ်ဘူး။ စိတ်ပြောင်းလဲမှ ပြတ်မယ်။ ဒီလိုပြတ်ဖို့ မင်း ဒီမှာ ၃ နှစ် အနည်းဆုံး နေရမယ်။ ၃ နှစ်အတွင်းမှာ မင်း စိတ်ပြောင်းလဲဖို့ ငါတို့ သင်ပေးမယ်။”

၃ နှစ်လို့ ပြောတာနဲ့ ကောင်လေး မျက်လုံးပြူးသွားတယ်။ ၃ နှစ်ဆိုတာ သူ့အတွက် ထာဝရလို့ ထင်ပုံရတယ်။

“ခြောက်လ လောက်ဆိုရင်ကော ဆရာ? တခြား ဆေးဖြတ်ဌာနတွေမှာ ၆ လ ပဲ ကြာတယ်။ ကျွန်တော့သားကို ၆ လ လောက်နဲ့ ရနိုင်မလား ဆရာ။” အဖေဖြစ်သူက အားကိုးတကြီးမေးလာတယ်။

ဆရာဦးဒေးဗစ်က အဖေဖြစ်သူကို ကြည့်ရင်း ဖြေတယ်။ “၆ လနဲ့ ရရင်၊ တလောကလုံး ဒီရောက်လာမှာပေါ့။ ဒီမှာက ပညာသင်ပေးနေတာ မဟုတ်ဘူး။ သူခိုးကို ပညာတွေ သင်ပေးပေမယ့် သူ့ပုံစံ ပြောင်းမသွားဘူး။ ပိုနပ်တဲ့ သူခိုးပဲ ဖြစ်သွားမယ်။ စိတ်ပြောင်းလဲဖို့ လိုနေတာပါ။ ဘုရားပဲ တတ်နိုင်တာပါ။ ဒါပေမယ့် အချိန်ယူရမယ်။ အချိန်ကြာမယ်။ ဒါက ကျွန်တော်တို့နဲ့ တခြား ဆေးဖြတ်ဌာနတွေ မတူတဲ့အချက်ပဲ။”

ဒီအချက်ကို လူတွေက သဘောကျမှာ မဟုတ်ဘူး။ MYC က တခြား ပြည်တွင်း ဆေးဖြတ်ဌာနတွေနဲ့ လုံးဝ မတူဘူး။ အစိုးရ ဆေးဖြတ်ဌာနတွေရဲ့ အောင်မြင်မှုက ၁၀% (သို့) အဲဒီထက်နည်းတယ်။ MYC ကတော့ အောင်မြင်မှု ၈၀% ရှိတယ်လို့ ဂုဏ်ယူနိုင်တယ်။ ဆေးဖြတ်ဌာန အများစုက ဆေးမသုံးရင် ပြတ်ပြီလို့ ယူဆကြတယ်။ အရက်နဲ့ ဆေးလိပ်တော့ ဆက်သုံးဖို့ ခွင့်ပြုတယ်။ MYC ကတော့ စည်းကမ်း ပိုတင်းကြပ်တယ်။ ဆရာဦးဒေးဗစ် အတွက်က ဆေးပြတ်တယ်ဆိုတာ ဘိန်း၊ အရက်၊ ဆေးလိပ် လုံးဝ ဘာဆိုဘာမှ မသုံးတာကို ခေါ်တယ်။

၁၉၉၀ နှစ်များမှာ MYC ရဲ့ ထူးခြားတဲ့ အောင်မြင်မှုဟာ ပြည်တွင်းမှာ နာမည်ရလာတယ်။ ဆရာဦးဒေးဗစ်နဲ့ သူ့တွဲဖက်ဆရာတွေ ကောင်းကောင်း သိနေတဲ့အချက်ကတော့ ဆေးဖြတ်ရာမှာ သခင်ယေရှုရဲ့ တန်ခိုးတော်ကို အဓိကထားလို့ အောင်မြင်ရတယ် ဆိုတာပါပဲ။

တချို့ကတော့ MYC ရဲ့ အောင်မြင်မှုကို ဒီအချက်ကြောင့် မဟုတ်ဘဲ၊ တခြားအချက်တွေ ကြောင့်လို့ မြင်ကြတယ်။ တချက်က MYC ကဆရာတွေဟာ ကိုယ်တိုင် ဆေးသမား ဖြစ်ခဲ့ဖူးလို့၊ ဒီနည်းအတိုင်း ဆေးဖြတ်ဖူးတဲ့အတွက်လို့ ဆိုကြတယ်။ နောက်တချက်က MYC ဆရာတွေက ဆေးသမားတွေကို ကြင်နာတယ်။ လစာရလို့ လုပ်နေတာ မဟုတ်ဘူး။ ဒီလို ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားက တခြားမှာ လွယ်လွယ် မရတတ်ဘူးလို့ ဆိုတယ်။

MYC ရဲ့ နေရာနဲ့ အသိုင်းအဝိုင်းကလည်း ဆွဲဆောင်မှုရှိတယ်။ နာမည်ကြီး ရော့ခ်ဂီတသမား စောဘွဲ့မှုးလို လူတွေကလည်း အစိုးရ ဆေးဖြတ်ဌာနက ပြန်လာပြီး၊ MYC ကို ရောက်လာတယ်။ ရဲအရာရှိ၊ မူးယစ်အရာရှိတွေရဲ့ သားသမီးတွေ မူးယစ်ဆေးစွဲလို့ အရှက်ရပြီး၊ ဆေးဖြတ်ပေးဖို့ လာတောင်းပန်တယ်။ ဝန်ကြီးသားတွေ၊ ဗိုလ်ချုပ်သားတွေလည်း ဆေးဖြတ်ဖို့ လာတတ်တယ်။ ဘာသာမတူတာကို အဓိက မထားတော့ဘူး။ ဘိန်းဖြူကြောင့် သေမယ့်အစား သားသမီးကို အသက်ရှင်လျှက် မြင်ချင်စိတ်ပဲ ရှိကြတော့တယ်။

MYC ရဲ့ ထူးခြားတဲ့ အောင်မြင်မှု သတင်းက နိုင်ငံတကာအထိ ပြန့်သွားတယ်။ ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံ သတင်းဌာနတွေက လာရောက် မေးမြန်းကြတယ်။ မကြာခင် MYC အကြောင်း သတင်းဆောင်းပါးတွေ Nippon Post, Bangkok Post, Manila Chronicle သတင်းစာတွေမှာ ပါလာတယ်။ အာရှ ရုပ်မြင်သံကြား အစီအစဉ် အတော်များများမှာလည်း MYC ရဲ့ ဆေးဖြတ်ပုံကို အထူးအစီအစဉ်အဖြစ် ထုတ်လွှင့်ကြတယ်။ အမေရိကန် အစိုးရကလည်း ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ MYC ရဲ့ အရေးပါပုံကို ချီးကျူးခဲ့တယ်။ အမေရိကန်အစိုးရက ဆရာဦးဒေးဗစ်ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားတွေ တက်ဖို့ အမေရိကန်ပြည်ကို ၂ ကြိမ် ဖိတ်ခေါ်တယ်။ ရန်ကုန်မြို့ ဂျာမန်သံရုံးကလည်း လူမှုထူးချွန်ဆု အဖြစ် ငွေတံဆိပ် ချီးမြှင့်ခဲ့တယ်။

နောက်ဆုံးတော့ ကုလသမဂ္ဂအဖွဲ့ကြီး UN က MYC ရဲ့ အလုပ်ကို အသိအမှတ် ပြုလာရတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် မြန်မာပြည်ရုံးက ပြည်တွင်းမှာ မြင့်တက်လာတဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို အမြစ်ဖြတ်ဖို့ ကြိုးစားနေချိန် ဖြစ်တယ်။ အစ ပထမမှာ MYC ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဓိက လုပ်ငန်းကြီး နှစ်ခု – ပညာပေး ကာကွယ်ခြင်း (လေဟာပြင် တရားဟောပွဲ) နဲ့ ဆေးဖြတ် ကုသခြင်းတွေဟာ တခြားနည်းတွေထက် ပိုအောင်မြင်နေတာကို နှစ်အတော်ကြာသည်အထိ သတိမထားမိဘူး။ MYC ကို ရောက်လာပြီး၊ လုပ်ငန်းကို အနီးကပ် လေ့လာပြီးမှ သူတို့ရုံးကို ဖိတ်ပြီး ဆရာဦးဒေးဗစ်ကို တရားဝင် အလုပ်စကား ပြောတယ်။

“မူးယစ်ဆေးဝါး ပညာပေးနဲ့ ဆေးဖြတ်လုပ်ငန်း အံ့ဩဖွယ်ရာ အောင်မြင်နေတာကို သတိထားမိသလို၊ လေးလည်း လေးစားပါတယ်။ ခင်ဗျားနဲ့ လက်တွဲပြီး ခင်ဗျားလုပ်ငန်းကို ကူညီခွင့်ရမယ်ဆိုရင် ဂုဏ်ယူစရာဖြစ်မှာပဲ။” လို့ UN အရာရှိတွေက ရင်းရင်းနှီးနှီး ပြောလာတယ်။

ဆရာဦးဒေးဗစ် အရမ်းစိတ်လှုပ်ရှားသွားတယ်။ “ဟုတ်ကော ဟုတ်လားကွာ။ UN က ငါတို့ MYC ကို ကူညီမယ် ဆိုပါ့လား။”

“UN မှာ မြန်မာပြည် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် လူမှုရေးလုပ်ငန်းတွေမှာ သုံးဖို့ ဘတ်ဂျက်ငွေ အများကြီး ရှိတယ်။ ခင်ဗျားမှာ ငွေလိုရင် ကူညီမယ်။ တခုကလေးပဲ ပြောစရာ ရှိတယ်။” လို့ UN အရာရှိက ဆိုတယ်။

“ဘာများပါလိမ့်?”

“UN က ဘာသာရေးကို မကူဘူး။ လူမှုရေးကိုတော့ အရမ်း စိတ်ဝင်စားတယ်။ အရမ်း ကူညီချင်တယ်။ အဲဒီတော့ ခင်ဗျားလုပ်ငန်းမှာ ဘာသာရေးကိစ္စတွေ ဖယ်ပေး၊ ပြင်ပေးရင် ကျွန်တော်တို့ သတ်မှတ်ချက်နဲ့ ညီသွားမယ်။ UN အထောက်အပံ့လည်း ရသွားမယ်။”

ဆရာဦးဒေးဗစ် စိတ်ထဲတင်းသွားတယ်။ ဒီစကားကို သူမကြိုက်ဘူး။

“I’m sorry!” သူ စကားဖြတ်ပြောလိုက်တယ်။ “စကားဆက်ပြောဖို့ အကြောင်း

မရှိတော့ဘူး။ လူမှုရေးလုပ်ဖို့ ကျွန်တော် စိတ်မဝင်စားဘူး။ ဆေးသမားတွေကို ဆေးဖြတ်ပေးနိုင်တဲ့ သခင်ယေရှုအကြောင်း ပြောပြတာပဲ စိတ်ဝင်စားတယ်။ သခင်ယေရှု မပါရင် ဘာကျန်တော့မလဲ?”

UN အရာရှိ လန့်သွားတယ်။ ငွေကြေး အကူအညီ ပေးတာတောင် ငြင်းရဲအောင် တယ်မိုက်ပါလား။ ဒါပေမယ့် ဆရာဦးဒေးဗစ်က အလျော့ပေးတာ compromise လုပ်တာထက် ပိုပြီး နားလည်တယ်။ UN အကူအညီမပါဘဲနဲ့ နှစ်ပေါင်းများစွာ ဘုရားက လက်ဆွဲခေါ်လာ ခဲ့တာပဲ။ နောင်လည်း ဘုရားက မ,စ နေဦးမှာပါပဲ။

ရန်ကုန်မြို့က ၁ဧကရဲ့ ၄ပုံ၁ပုံလောက်ရှိတဲ့ MYC ခြံဟာ ဆေးသမား၊ မိဘမဲ့ကလေး၊ Rock ဂီတသမား၊ ကျမ်းစာကျောင်းသားတွေ ဆရာဦးဒေးဗစ် မိသားစုနဲ့ အတူနေထိုင်၊ စားသောက်၊ အလုပ်လုပ်၊ အိပ်စက်ကြရာ အသိုက်အမြုံကြီး ဖြစ်ပါတယ်။ တိရိစ္ဆာန်ရုံကြီးနဲ့ တူသလို ခံစားသွားရနိုင်တယ်။ ဒါပေမယ့် ဆရာဦးဒေးဗစ်နဲ့ ဒေါ်ကေသီက အပြုံးမပျက် ဘုရားအလုပ်လုပ်ဖို့ ဆက်ကပ်ခဲ့သူတွေဖြစ်တယ်။ ဆေးသမားတွေ၊ ကျမ်းစာကျောင်းသားတွေ အတွက် သီးသန့်ခြံတခြံတော့ တောင့်တခဲ့တယ်။ လူသိပ်များတော့ နေရာလိုလာတယ်။

ဘုရားက သူတို့ဆုတောင်းကို ၁၉၉၈ မှာ အဖြေပေးတယ်။ ရန်ကုန်ကနေ မိုင်၃၀ ဝေးတဲ့ မှော်ဘီမြို့မှာ ၅ဧကရှိတဲ့ ခြံကျယ်ကြီးကို ဝယ်နိုင်တယ်။ နေရာကောင်းတယ်။ ဆေးဖြတ်သင်တန်း ကျောင်း ဆောက်နိုင်တယ်။ ရန်ကုန်ကနေ ကားနဲ့သွားဖို့ နီးတယ်။

မှော်ဘီခြံမှာ အဆောက်အအုံတွေ မြန်မြန် ဆောက်ဖြစ်တယ်။ ငွေကြေး အများစုကတော့ ANM ကနေတဆင့် အမေရိကန်အလှူရှင်တွေ ပေးလှူတယ်။ ၅ဧကကို အလယ်က လမ်းခြားပြီး နှစ်ပိုင်း ပိုင်းထားတယ်။ တဖက်က ဆေးဖြတ်သင်တန်းကျောင်း၊ တခြားတဖက်က ဧဝံဂေလိ နှစ်ခြင်း ကျမ်းစာကောလိပ် ဖြစ်တယ်။ အမျိုးသားဆောင်၊ အမျိုးသမီးဆောင်၊ စာသင်ခန်းများ၊ ရုံးခန်းများ၊ ဆရာနေအိမ်များ၊ မီးဖိုချောင်ကြီးနဲ့ စားသောက်ခန်း၊ ထိုင်ခုံရှစ်ရာဆံ့ ဘုရားကျောင်းကြီးနဲ့ အပေါ်ထပ်က စာကြည့်တိုက်၊ အပြင် ငါးကန်တခုပါ ပါသေးတယ်။ စိတ်ကူးယဉ်ဖူးပေမယ့် ဘုရားသခင် ဒီလောက် ကောင်းကြီးပေးမယ် လို့ မထင်ခဲ့ဘူး။ မှော်ဘီခြံ ရှိလာတာကြောင့် ဆေးသမား ၁၀၀ လောက်ကို တပြိုင်တည်း လက်ခံလာနိုင်တယ်။ (အများအား ဖြင့် ရ၀/ ၈၀ လောက်ရှိတတ်တယ်။) ဆေးမစွဲတဲ့ သာမန်ကျောင်းသားတွေအတွက် လူ၁၀၀ ဆံ့ အခန်းကြီးရှိတယ်။ ဒီခြံကို ၁၉၉၃ မှာ စတင်သုံးနိုင်ပြီး အဲဒီနှစ်မှာပဲ ဘုရားထံ ဆက်ကပ်ခဲ့တယ်။

၂၀၀၂ခုနှစ်မှာ MYC ဟာ နောက်ထပ် ဆေးဖြတ် သင်တန်းကျောင်းလေး နှစ်ကျောင်းကို မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့မှာ စတင်ခဲ့တယ်။ အောင်မြင်တဲ့ လေဟာပြင် တရားဟောပွဲ အပြီးမှာ စတင်ခြင်းဖြစ်တယ်။ တရားပွဲ နောက်ဆုံးညမှာ လူ ၆၀၀၀၀နီးပါး ဘုရားသခင်ကို လက်ခံကြတယ်။ အများစုက ဆေးသမားတွေပါ။ ဆေးသမားတွေ အများကြီး ရန်ကုန်ကို ခေါ်သွားဖို့ မဖြစ်နိုင်တဲ့အခါ ဆရာဦးဒေးဗစ်နဲ့ လက်တွဲဖေါ် ဆရာတွေက အဲဒီမြို့နှစ်မြို့မှာလည်း ဆေးဖြတ်သင်တန်းကျောင်းတွေ စဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ကျောင်း ၃ ကျောင်းရှိလာတယ်။

အခက်အခဲ အမှားအယွင်းတွေကို အနှစ်၂၀ နီးပါး တွေ့ကြုံဖြတ်သန်း ပြီးတဲ့နောက် ၁၉၉၀ခု အစောပိုင်းနှစ်များမှာ MYC ဟာ ပြုပြင်စရာ အနည်းအကျဉ်းပဲ ရှိတော့တဲ့ အောင်မြင်တဲ့ ဆေးဖြတ် သင်တန်းကျောင်း ဖြစ်လာတယ်။ အလုပ်သဘောကတော့ လူသစ် ရောက်လာရင် အင်တာဗျူး အမြဲတမ်း လုပ်ရတယ်။ အများစုက အသက်၂၀ကျော်တွေ ဖြစ်တယ်။ ဟီးရိုးအင်း၊ ဘိန်း နဲ့ ဓါတုဆေးဝါးတွေ သုံးတတ်တယ်။ ဆေး တကယ် ဖြတ်ချင်သလားလို့ မေးရတယ်။ မိဘ တွန်းပို့လို့ လာရင် ဆေးဖြတ်လို့ မရဘူး။

ကိုယ်တိုင် ဆေးဖြတ်ချင်တာ သေချာပြီ ဆိုရင် ကျောင်းသဘာဝနဲ့ စည်းကမ်းချက်တွေ ရှင်းပြရတယ်။ အနည်းဆုံး ၃နှစ် နေရမယ်။ ၃နှစ်အတွင်း အိမ်မပြန်ရဘူး။ မိဘဆွေမျိုး လာလည်လို့ ရတယ်။ ဒါကလည်း သူတို့ အကျိုးအတွက်ပါ။ ကျောင်းမပြီးခင် အိမ်ပြန်ရင် သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ပြီး ဆေး ပြန်စွဲတတ်တယ်။

သင်တန်းကျောင်းမှာ မူးယစ်ဆေး၊ အရက်၊ ဆေးလိပ် မသုံးရ။ ကျား/မကိစ္စ အရှုပ်အထွေး မရှိရ၊ ရန်မဖြစ်ရ စတဲ့ စည်းကမ်းတွေကို တင်းကျပ်စွာ လိုက်နာရတယ်။ စည်းကမ်း တခါဖောက်ရင် ကတုံး တုံးတယ်။ ရှက်ကြတယ်။ နှစ်ခါဖေါက်ရင် ကျောင်းထုတ်တယ်။

နေ့စဉ် ဝတ်ပြုစည်းဝေး၊ ကျမ်းစာ လေ့လာခြင်း၊ ကျမ်းစာ သင်ယူခြင်း လုပ်ကြရတယ်။ ဘာသာမတူ သူကိုတော့ အတင်းအကျပ် ဖိအားမပေးဘူး။ အများစုက ကချင်၊ ကရင်၊ ချင်း၊ တွေ ဆိုတော့ ခရစ်ယာန်တွေ ဖြစ်တယ်။ တခြား ဘာသာဝင်တွေ အတွက်လည်း ဆေးဖြတ်တုန်းပဲ ဆိုတော့ အခက်အခဲ မရှိဘူး။

စည်းကမ်းချက်တွေ နားထောင်ပြီးရင် ရောက်လာတဲ့ လူသစ် တဝက်ကျော်လောက်က သိပ်ဖြတ်ချင်စိတ် မရှိတော့ သင်တန်းကျောင်း မတက်တော့ဘူး။ ကျန်တဝက်လောက်က တက်ဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီအခါမှာ MYC ဆရာတွေက သူတို့အိတ်နဲ့ ကိုယ်ခန္ဓာကို ရှာဖွေ စစ်ဆေးရတယ်။ ဖိနပ်၊ ခါးပတ်၊ ကော်လာ၊ ဂျာကင်အင်္ကျီ၊ ဆေးပုလင်းနဲ့ အတွင်းခံ ဘောင်းဘီတွေ ထဲမှာ မူးယစ်ဆေးတွေ ကျွမ်းကျွမ်းကျင်ကျင် ဝှက်ထားတတ်တယ်။ ကိုယ်တိုင်က ဆေးသမား ဖြစ်ခဲ့ဖူးတော့ ဆရာတွေက ဒါမျိုးဆို ရိုးနေပြီ။

ရောက်စ တပတ်ကတော့ အခက်ဆုံးပဲ။ ဆေးဖြတ်တဲ့ ဒဏ်ခံရတယ်။ အများအားဖြင့် ၄၊၅ ရက် ကြာတယ်။ မအိပ်နိုင် မစားနိုင် ဖြစ်ရတယ်။ ရေ ခဏခဏ ချိုးခိုင်းပြီး ဆရာတွေက ကြိုးစား ဆုတောင်းပေးကြတယ်။ ဆေးသမား အများစု လက်လျှော့ပြီး အိမ်ပြန်ချင်လာတယ်။ ဆရာတွေက အားပေးစကား ပြောရ၊ ဆုတောင်းပေးရ၊ ဆေးဖြတ်ချင်အောင် တိုက်တွန်းရတယ်။

“အခုချိန်မှာ ကိုယ့်အကြောင်းပဲ တွေးနေမှာပေါ့။ မိသားစု အကြောင်းလည်း တွေးကြည့်ဖို့ လိုတယ်။ မိဘ ညီအစ်ကို မောင်နှမတွေအကြောင်း တွေးကြည့်လိုက်စမ်း။ ဒီမှာနေရင် မိဘ စိတ်ချမ်းသာမယ်။ မိဘကျေးဇူး ဆပ်ရာကျတယ်။” လို့ ဆရာတွေက ပြောပြကြတယ်။

နှစ်ပတ်၊ သုံးပတ် ကြာတဲ့အခါ မှော်ဘီမှာ နေရတာ တဖြည်းဖြည်း နေသားကျစ ပြုလာတယ်။ ကျမ်းစာကျောင်းချိန်ဆိုရင် နေ့ဘက် ကျောင်းတက်၊ ညဘက် ကျမ်းစာ လေ့လာရတယ်။ ကျမ်းစာကျောင်း ပိတ်ချိန်မှာတော့ ကျမ်းစာ လေ့လာမယ်၊ ကျမ်းစာပိုဒ်တွေ ကျက်မယ်။ ဓမ္မသီချင်း ဆိုမယ်။ အားကစား လုပ်မယ်။ ဝတ်ပြုစည်းဝေး တက်မယ်။ ဆရာနဲ့ တပည့် နေ့စဉ် ထိတွေ့နေမှုက စိတ်အား တက်ကြွစေတယ်။ ဘုရားသခင် မ,စ မှုကြောင့် ဆေးဖြတ်နိုင်တော့မယ်။ ဘဝအသစ် စနိုင်မယ် လို့ တဖြည်းဖြည်း သဘောပေါက်လာတယ်။

ခြောက်လကြာရင် ရောက်စ,ကထက် ဝလာပြီး ပိုကြည့်ကောင်းလာတယ်။ မှော်ဘီမှာ အစားအသောက် ကောင်းတယ်။ အာဟာရ မျှတအောင် ဂရုစိုက်တယ်။ ပုံမှန် အသားဟင်း စားရတယ်။ ကျမ်းစာလေ့လာတယ်။ ကာယလေ့ကျင့်ခန်း လုပ်တယ်။ နေ့တိုင်း ဓမ္မသီချင်းတွေ ဆိုတယ်။ အချင်းချင်း ရင်းရင်းနှီးနှီး နေကြတယ်။ ဒါတွေက လူသစ် စိတ်သစ် အခြေအနေသစ် ဖြစ်စေတယ်။ မူးယစ်ဆေးနဲ့ အရက်ကို သုံးချင်စိတ် ပျောက်လာတယ်။ ဒါပေမယ့် ဒီအချိန်မှာ အိမ်ပြန်ရင်တော့ ပြန်စွဲနိုင်သေးတယ်။

လူသစ်တယောက်အတွက် တခြားမှာ မမြင်ခဲ့ဖူးပဲ MYC မှာပဲ တွေ့ရတဲ့ အကောင်းဆုံး အချက်ကတော့ ယေရှုခရစ်တော်ရဲ့ တန်ခိုးတော်ကြောင့် အသက်တာတွေ၊ စိတ်နှလုံးတွေ ပြောင်းလဲနေတာပါ။ ဒီတရားစကားက ဝတ်ပြုစည်းဝေးမှာ၊ ကျမ်းစာသင်ရာမှာ ကြားရရုံမကဘူး။ ဆရာတွေ ကျောင်းသားကြီးတွေနဲ့ စကားပြောရာမှာလည်း ကြားရတယ်။ ယေရှုခရစ်တော်က ဘယ်လောက် ဆိုးတဲ့ လူပဲ ဖြစ်ဖြစ် ပြောင်းလဲစေနိုင်တယ်။ ဒီတော့ ခြောက်လအတွင်းမှာပဲ လူသစ် အများစုဟာ တခြားဆေးသမားတွေ ပြောင်းလဲဖို့ ကူညီချင်စိတ် ရှိလာတယ်။

ကျောင်းသား ၈၀% လောက် ကျောင်းပြီးအောင်နေပြီး အတန်းလည်း ကောင်းစွာ အောင်မြင်ကြတယ်။ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး ပြန်မသုံးချင်တော့ဘူး။ ကျရာ နေရာမှာ ကူညီချင်တဲ့သူတွေ ဖြစ်သွားတယ်။

ကျောင်းပြီးပေမယ့် အများစုက အိမ်မပြန်ချင်ကြဘူး။ MYC ကို ကိုယ့်အိမ်လို သဘောထားပြီး ပျော်နေတယ်။ အရင် အသိုင်းအဝိုင်းထဲကို မပြန်ချင်တော့ဘူး။ ၂၅% ကတော့ အိမ်ပြန် မိဘကူကြတယ်။ ဒါပေမယ့် သူတို့လည်း နီးရာ MYC ဘုရားကျောင်းကို တက်ပြီး အဆက်အသွယ် လုပ်ကြတယ်။ ရ၅% ကတော့ MYC ရုံးချုပ် (သို့) နယ်ဒေသတွေမှာ ဘုရားအမှုတော်ဆောင် လုပ်ကြတယ်။ ဒါက ကောင်းတယ်။ ဆရာဖြစ်တော့ ဆေးသမား ဘဝ ပြန်မရောက်အောင် ကာကွယ်ပြီးသား ဖြစ်သွားတယ်။

ကျောင်းပြီးရင်တော့ လွတ်လပ်ခွင့်ပေးတယ်။ အိမ်ထောင်ရေး စဉ်းစားနိုင်ပြီ။ ဆေးမပြတ်သေးရင် မိန်းကလေးတွေနဲ့ မပတ်သက်ရဘူး။ ဆေးပြတ်ရင်တော့ စိတ်ဝင်စား နိုင်တယ်။ ဒီနှစ်ခုကလည်း အပြန်အလှန် အချိုးကျတဲ့ သဘောရှိတယ်။ ခရစ်ယာန် မိန်းကလေးတွေ MYC ဘုရားကျောင်းကို လာတော့ ခရစ်ယာန် ယောက်ျားလေးတွေကို တွေ့တယ်။ သူတို့ မိခင် အသင်းတော်က ယောက်ျားလေးတွေက ဆေးပြတ်သွားသူတွေလောက် ဘုရားတရား စိတ်မဝင်စားတာကိုလည်း တွေ့ရတယ်။

MYC မှာတော့ ဆေးဖြတ်ကာလမှာ ယောက်ျားလေး၊ မိန်းကလေး မပတ်သက်ရဘူး။ “မိန်းကလေးတွေကို စိတ်ဝင်စားရင် ကျမ်းစာ စိတ်ဝင်စားမှာ မဟုတ်ဘူး။” လို့ သတိပေး ထားတယ်။ ဘုရားကျောင်းမှာ၊ ကျမ်းစာကျောင်းမှာ အတူသွားလာလို့ ရတယ်။ ဒါပေမယ့် နှစ်ယောက်တည်းတော့ မရဘူး။ ကျောင်းပြီးသွားရင်တော့ ခွင့်ပြုတယ်။ အိမ်ထောင်ပြုနိုင်တယ်။

သုံးနှစ်အတွင်း ဆေးသမားတွေကနေ တရားဟောဆရာ၊ ခြင်္သေ့ကနေ သိုးသူငယ် ဖြစ်သွားတာကို လူတွေ အံ့ဩကြတယ်။ ဒါက ယေရှုခရစ်တော်ဟာ ကယ်တင်ခြင်း၊ ရောဂါပျောက်ကင်းခြင်း နဲ့ ဘုရားတရား မွေ့လျော်နိုင်မယ့် အစွမ်းတို့ အတွက် အဓိက အကြောင်းရင်းအဖြစ် ဦးထိပ်ထား သင်လို့ပါပဲ။ နောက်တချက်လည်း ရှိပါသေးတယ်။ လက်တွဲဖော် ဆရာတွေရဲ့ အနစ်နာ ခံမှုကြောင့်လည်း ဖြစ်တယ်။ သားဆရာ ကယ်(လ်)ဗင် ဦးဆောင်တဲ့ မှော်ဘီက ဆရာတွေက ရည်ရွယ်ချက်အတိုင်း ကောင်းကောင်းမွန်မွန် ဖြစ်အောင် အကောင်အထည် ဖော်ကြလို့လည်း ဖြစ်တယ်။

သားဆရာ ကယ်(လ်)ဗင်ရုံးမိုဟာ ဆေးသမား မဟုတ်ခဲ့ပေမယ့် အရက်သမား၊ ဆေးသမားတွေနဲ့ တသက်လုံး နေခဲ့ဖူးတယ်။ ၈ နှစ်သား အရွယ်ကတည်းက အဖေ ဆေးစွဲတာကို မြင်ဖူးတယ်။ အဖေ ပြောင်းလဲသွားတော့ ဆေးသမား၊ အရက်သမားတွေ အိမ်မှာ ဆေးဖြတ်ဖို့ ရောက်လာတယ်။ ဒီအသိုင်းအဝိုင်းထဲမှာ ကြီးလာရတော့ အရက်သမား၊ ဆေးသမား အကြောင်း ကောင်းကောင်း သိတယ်။ အဲဒီတော့ ဒီအလုပ်က သူနဲ့ လိုက်ဖက်တယ်။

သားဆရာ ကယ်(လ်)ဗင်က လွဲလို့ ကျန်တဲ့ ဆရာတွေကတော့ တခုခုတော့ စွဲဖူးတယ်။ ဒီတော့ ဆေးသမားတွေရဲ့ ခံစားချက်၊ အတွေးနဲ့ ရုန်းကန်ရတာတွေကို ကိုယ်ချင်းစာတတ်တယ်။ MYC ကို ရောက်လာပြီးမှ ယေရှုခရစ်တော်အတွက် အသက်ရှင်လာသူတွေ ဖြစ်တယ်။ လူသစ်တွေ ဆေးပြတ်နိုင်ဖို့ ကူညီကြ၊ ဆုတောင်းကြသူတွေ ဖြစ်တယ်။

ဒီခေတ်ကာလတွေ အတွင်း MYC က ခြင်္သေ့တွေက သိုးသူငယ်တွေ ဖြစ်လာတယ်။ ဥပမာ လတောင် La Tawng တို့လို လူတွေပေါ့။ သူက ရှမ်းပြည်နယ်မှာနေတဲ့ ကချင်။ ၁၅ နှစ်သားကတည်းက အရက်နဲ့ မူးယစ်ဆေး သုံးလာတယ်။ မကြာဘူး။ စွဲတယ်။ ဆေးဖိုး ပိုက်ဆံရှာဖို့ အတွက် ကချင်ပြည်နယ်မှာ ကျောက်တူးဖို့ အိမ်က ထွက်လာတယ်။ လေးနှစ်ကြာ ဆေးစွဲလာတော့ မကြိုက်တော့ဘူး၊ ဖြတ်ချင်လာတယ်။ ဘယ်လို ဖြတ်ရမှန်းမသိ ဖြစ်နေတယ်။

တနေ့တော့ လတောင် La Tawng ကို ရွာက သူငယ်ချင်းတယောက်က MYC မှာ ဆေးဖြတ်ပြီး ပြောင်းလဲလာတဲ့အကြောင်း ပြောပြတယ်။ သူလည်း ဆေးပြတ်ချင်တော့ ၁၉၉၅ မှာ ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်ကို ရောက်လာတယ်။ MYC မှာ ကိုယ့်ကိုကိုယ် ကျောင်းအပ်တယ်။ ပထမ ၂လတော့ ဆေးဖြတ်တဲ့ဒဏ် အသေအလဲခံရတယ်။ လုံးဝ အိပ်မရဘူး။ ဆရာတွေ၊ ကျောင်းသားဖေါ်တွေက အလူးအလဲ ခံနေရတာကို မေတ္တာနဲ့ ကူမကြတယ်။ နေ့တိုင်း ကယ်တင်ခြင်းတရား ဟောတာ ကြားရတယ်။ နှလုံးသားမှာ တဖြည်းဖြည်း စွဲထင်လာတယ်။ ငယ်ငယ်ကတည်းက နှစ်ခြင်းခံခဲ့ပေမယ့် ဘာမှ သိခဲ့တာ မဟုတ်ဘူး။ MYC ရောက်မှ ယေရှု ခရစ်တော်ဟာ သူ့အပြစ်အတွက် အသေခံပေးတယ် ဆိုတာ နားလည်လာတယ်။ ယေရှုခရစ် အတွက် အသက်ရှင်ချင်လာတယ်။

၁၉၉၈ ခုနှစ်မှာ ဆေးစစ်ကြည့်တော့ AIDS ရနေပြီ။ ဒါပေမယ့် သူ မတုန်လှုပ်ဖူး။ သူ့ အပြစ်ကြောင့် ခံရတာလို့ နားလည်တယ်။ အခု သူ့အသက်က ဘုရားလက်ထဲမှာ ရှိတယ်။ ၁၉၉၉ ခုနှစ်မှာ ကျောင်းပြီးတော့ MYC မှာ နေပြီး ဘုရားအမှုတော် ဆောင်ချင်တယ် လို့ ဆရာဦးဒေးဗစ် ကို ပြောပြတယ်။

“ပါးပါး….. ဘုရားသခင်အတွက် အသက်မရှင်ရင် ကျွန်တော့ဘဝ အသက်ရှင်ဖို့ အကြောင်းမရှိဘူး။ ဆေးပြတ်တဲ့သူတွေက မပြတ်သေးတဲ့ သူတွေကို ကူနေရတယ်။ ပါးပါး ခွင့်ပြုရင် ကျွန်တော်လည်း ဝင်ကူချင်တယ်။” လို့ ရင်းရင်းနှီးနှီး ပြောလာတယ်။

လတောင်ကို ဆရာအဖြစ် မှော်ဘီကျောင်းမှာ ခန့်လိုက်တယ်။ လတောင် ပျော်သွားတယ်။ မူးယစ်ကျေးကျွန်ဘဝက လွတ်ပြီးနောက်မှာ ဘုရားသခင်အတွက် တခုခု လုပ်ခွင့်ရသွားတယ်။ လတောင်က AIDS ကြောင့် မရှက်ဘူး။ ရောဂါကြောင့် ဘုရားအတွက် ပိုအသက်ရှင် ချင်လာတယ်။

ဟိန်းထိုက်သော် ကလည်း ခြင်္သေ့ကနေ သိုးသူငယ်အဖြစ် ပြောင်းလဲသွားသူပါ။ ရန်ကုန်က Scorpions ဂိုဏ်းထဲ ဝင်တယ်။ မကြာဘူး။ ဆေးစွဲတယ်။ သူ့အမေက ထိတ်လန့်သွားပြီး ဆေးဖြတ်ဖို့ အမျိုးမျိုး ကြိုးစားတယ်။ မရဘူး။ ဘာသာရေး လုပ်

ခိုင်းတယ်။ ဆေးမသုံးရရင် မနေနိုင်လွန်းလို့ ပြန်ပြေးလာတယ်။ ကုလသမ္မဂ္ဂ ဖွံ့ဖြိုးရေး UNDP ရုံးမှာ အကြံဉာဏ် တောင်းတယ်။ သူတို့က MYC အကြောင်း ပြောပြတယ်။ ဘာသာမတူပေမယ့် စမ်းပို့ကြည့် လိုက်တယ်။

ဟိန်းထိုက်သော်ဟာ ၁၉၉၉ ခုနှစ်မှာ MYC ကို ရောက်လာတယ်။ လုံးဝ သဘောမကျဘူး။ ကျောင်းစည်းကမ်းတွေ များလွန်းတယ်။ ကျမ်းစာလည်း မသင်ချင်ဘူး။ ဒါပေမယ့် ထွက်ပြေးရင်လည်း လမ်းသရဲဂိုဏ်းသား ဆိုတော့ ရဲက ဖမ်းမယ်။ ဒီတော့ မနေချင်ပဲ ကြိတ်မှိတ်နေလိုက်ရတယ်။

ကျမ်းစာသင်ရင်း သဘောပေါက်လာတယ်။ ရှစ်လအကြာမှာ မူးယစ်ဆေး အကုန်ပြတ်ပြီး ပျော်ရွှင်မှု ရှိလာတယ်။ သူ့အမေကတော့ သူ့သား ဆေးပြတ်ပြီး ကောင်းကောင်းနေတာနဲ့ကို စိတ်ချမ်းသာသွားတယ်။ ၂၀၀၂ ခုနှစ်မှာ ကျောင်းပြီးတော့ MYC မှာပဲ ဆရာအဖြစ် တာဝန် ထမ်းဆောင်တယ်။

“ပါးပါး ကျွန်တော် MYC ကို ရောက်တာ ဘုရားသခင့် အကြံအစည်ပဲ။ ဒီနေရာမှာ ဘုရားသခင်က ကျွန်တော့ကို အပြစ်တွေထဲက ကယ်နှုတ်တယ်။ ဆေးဖြတ်ပေးတယ်။ ရဲလက်ကလည်း ကယ်တယ်။ တသက်လုံး ဘုရားအတွက်ပဲ အသက်ရှင်တော့မယ်” လို့ ပြောပြတယ်။

ဟိန်းထိုက်သော် ကျောင်းပြီးတော့ မှော်ဘီမှာ ဆရာအဖြစ် လူသစ်တွေကို ကူညီ စောင့်ရှောက်တယ်။ လမ်းသရဲဂိုဏ်းက သူငယ်ချင်းဟောင်းတွေဆီ သွားပြီး သူ့အကြောင်း ပြောပြတယ်။ သူ့သူငယ်ချင်း သုံးယောက် MYC ကို ရောက်လာကြတယ်။ ဟိန်းထိုက်သော် ကတော့ သူ့ဘဝ ပြောင်းလဲပုံကို ပြောပြရင်း သင်တန်းဆရာ ဖြစ်လာတယ်။ ရောက်စက သူ့မှာ HIV Positive ရှိတယ်။ ကျောင်းပြီးလို့ အထပ်ထပ် သွေးစစ်ကြည့်တော့ HIV မရှိကြောင်းပဲ ပြနေတော့တယ်။ ဒါကလည်း ဘုရားလက်တော်ကြောင့် ရောဂါပျောက်စေတဲ့ ဖြစ်ရပ်တခုပါပဲ။

ဘုရားက ဆေးသမားတွေကို ထူးထူးခြားခြား ခေါ်တယ်ဆိုတာ ဆရာဦးဒေးဗစ် သိတယ်။ ၂၅ နှစ်အတွင်း ဗရုတ်သုတ်ခ ဆေးသမားတွေ အိပ်နေ၊ အန်နေတဲ့ MYC ကို ဆေးဖြတ်ဌာနအဖြစ် ကမ္ဘာက သိလာတယ်။ ဘုရားသခင် အတွက် ခြင်္သေ့တွေကို သိုးသူငယ်ဖြစ်အောင် ပြောင်းပစ်ဖို့ သူ့ကို ဘုရား ရွေးချယ်ခဲ့တဲ့ အတွက် အလွန် ကျေနပ်မိတယ်။

သူ့ဆီမှာ လူတွေ ပြည့်နေပေမယ့်လည်း ဘုရားအကြံအစည်က ဒီ့ထက် ပိုပါတယ်။ ဘုရားကို ချစ်လျက် အမှုတော်ဆောင်ဖို့ ဘုရားသခင်ခိုင်းတဲ့ အလုပ်တိုင်းကို ဆရာဦးဒေးဗစ် ဘယ်တော့မှ ညည်းညူလေ့ မရှိဘူး။